မိတ္ထီလာမြို့နယ်ထွေအုပ်ရုံးက ရုံးအုပ်တဦး အသတ်ခံရ

0 5
0 5

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နဲ့ ရေချိုကျေးရွာအကြားမှာ မိတ္ထီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ရုံးအုပ်၁ ဦး ပစ်သတ်ခံရတယ်လို့ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

သေဆုံးသူဟာ ရေချိုကျေးရွာမှာနေထိုင်တဲ့ အသက် ၆၁ နှစ်အရွယ် ရုံးအုပ် ဦးမြင့်အေးဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်မနက် ၉ နာရီကျော်မှာ နေအိမ်ကနေ မိတ္ထီလာမြို့ကိုဆိုင်ကယ်နဲ့အသွား မိတ္ထီလာ-မြင်းခြံကားလမ်းပေါ်မှာ ပစ်သတ်ခံရတာလို့ဆိုပါတယ်။

“ဘယ်လိုရှင်းခံရတယ်ဆိုတဲ့ အသေးစိတ်တော့ မသိရဘူး။ ရှင်းခံရတာတော့ သိရတယ်။ သူက ရုံးအုပ်ကြီးပါ။ သူက ရေချိုမှာနေတာ။ နေတိုင်းသွားပြန်လုပ်တာတော့ မဟုတ်ဘူး။ ရံဖန်ရံခါမှ သွားလာတာ။”လို့ မိတ္ထီလာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

မိတ္တီလာမြို့နဲ့ ရေချိုကျေးရွာဟာ ၁၀ မိုင်ခန့်ကွာဝေးပြီး ပစ်ခတ်ခံရတဲ့နေရာကလည်း မိတ္ထီလာနဲ့ မြင်းခြံနယ်အစပ်ဖြစ်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်ရှင်းခဲ့တယ်ဆိုတာ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရပြီးနောက် ဦးမြင့်အေးမှာ ဦးခေါင်းနောက်စေ့နားနဲ့ ကျောကုန်း ကျည်ထိဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၂၃ ရက်မနက်ပိုင်းကလည်း မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ကွက်၊ EPC ရုံးရှေ့၊ မိတ္ထီလာ-မလှိုင်သွားကားလမ်းဘေးရှိ “ရမ်းကြီး” လ္ဘက်ရည်ဆိုင်မှာ ဝန်ဇင်းရပ်ကွက်၊ မင်္ဂလာဦးရပ်၊ ရာအိမ်မှုးဖြစ်သူ ဦးဇော်မင်းဦး ပစ်သတ်ခံရပြီးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။