စလင်းမှာ စာသင်ကျောင်း ၂ ကျောင်း ဗုံးကြဲခံရပြီး အမျိုးသား ၁ ဦး သေဆုံး

စလင်း၊ ဇွန် ၃၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆွယ်တည်ရွာသစ်နဲ့ ဆွယ်တည်ရွာမကျေးရွာတွေက စာသင်ကျောင်းတွေ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသား ၁ ဦး သေဆုံးကာ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၃ ရက် ဒီကနေ့ နေ့လယ် ၁၁ နာရီ ၃၄ မိနစ်လောက်မှာ ဆွယ်တော်ရွာမ စာသင်ကျောင်းကို ဗုံး ၁ လုံး၊ နေ့လယ် ၁၁ နာရီ ၃၅ မိနစ်မှာ ဆွယ်တည်ရွာသစ်စာသင်ကျောင်းကို ဗုံး ၁ လုံး ကြဲချတိုက်ခိုက်သွားတာဖြစ်ပြီး စာသင်ကျောင်းနဲ့ အနီးနားနေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“ စာသင်ကျောင်းတွေမှာ စာသင်ကြားနေတာမရှိပါဘူးရှင့်။ ဆွယ်တည်ရွာသစ်နဲ့ ဆွယ်တည်ရွာမက ကပ်နေတဲ့အတွက် ၁ မိနစ်အတွင်းမှာချတာပါ၊ ပေါင်(ဗုံးအမျိုးအစား)ကတော့ ဘယ်လောက်လည်း မသိဘူး၊ အသံကတော့တော်တော်ပြင်းပါတယ်။ လယ်ထဲကနေ မြက်ရိတ်ပြန်လာတဲ့ ဇနီးမောင်နှံ ၂ ဦးထိပါတယ်၊ အမျိုးသမီးကတော့ မြောင်းထဲက ပေါင်း(ဘောင်) အောက်မှာ ခိုလိုက်တဲ့အတွက် ဒဏ်ရာအနည်းငယ်ရပြီးတော့ အမျိုးသားကတော့ သေဆုံးပါတယ်” လို့ စလင်းမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဆွယ်တည်ရွာမကျေးရွာနေ အသက် ၃၀ နှစ်ဝန်းကျင်ရှိအမျိုးသားသေဆုံးခဲ့ပြီး ၎င်းရဲ့ဇနီးဖြစ်သူ အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆွယ်တည်ရွာသစ် စာသင်ကျောင်းဆောင်တခုလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခံရမှုကြောင့် အိမ်ခြေ ၁၃၅၊ လူဦးရေ ၆၀၀ ကျော်ရှိ ဆွယ်တည်ရွာမ နဲ့ အိမ်ခြေ ၆၀၊ လူဦးရေ ၂၅၀ ရှိ ဆွယ်တည်ရွာသစ်က ဒေသခံတွေဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။