အုတ်ဖို၊ ဇွန် ၃ ၊၂၀၂၅။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီလက်အောက် ရာအိမ်မှူး ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ထံက သိရပါတယ်။
သေဆုံးသူဟာ ထန်းပင်ကုန်းကျေးရွာနေ ရာအိမ်မှူး အောင်မိုးခိုင် ၅၂ နှစ် ဖြစ်ပြီး ချောင်းခွ(ကေ)ရွာနဲ့ သရက်နှစ်ဖျားလိန်ရွာကြားလမ်းပေါ်မှာ ဇွန် ၁ ရက်ညနေ ၆ နာရီကျော်က သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
” ကျနော်တို့ရဲဘော်တွေ ကင်းပုန်း၀ပ်နေတဲ့အချိန်ဗျ။ သူလာမယ်ဆိုလို့ ကင်းပုန်း၀ပ်ပြီး စောင့်နေတာ၊ အောင်မိုးခိုင်တယောက်တည်းလာတာပါ။ ကျနော်တို့ကိုမြင်တော့ သူကအရင် လက်ပစ်ဗုံးနဲ့ စပစ်တာ၊ လက်ပစ်ဗုံးကကွဲတယ်ဗျ။ ကျနော်တို့ဘက်တော့မရောက်ဘူး၊ နေရာလွဲသွားတယ်” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
သေဆုံးသူရာအိမ်မှူးမှာ တိမ်မြုပ်ကျေးရွာအခြေစိုက် ခမရ ၆ တပ်ရင်းမှ ဆေးတပ်သားဟောင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးအဖွဲ့ဝင်သတင်းပေးလုပ်ဆောင်ကာ လက်ပစ်ဗုံးကိုင်ဆောင်ထားသူဖြစ်တယ်လို့ သိရပါတယ်။
ရာအိမ်မှူး အောင်မိုးခိုင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အချက်အလက်တွေ စုံစမ်းထောက်လှမ်းတာ၊ ပြည်သူတွေထံ စစ်မှုထမ်းကြေးခြိမ်းခြောက်ကောက်ခံတာ၊ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ စစ်ကောင်စီစစ်ကြောင်းတွေမှာ လမ်းပြလုပ်ဆောင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။
အောင်မိုးခိုင် အသတ်ခံရပြီးနောက် ရုပ်အလောင်းကို ခမရ ၆ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားတစီးနဲ့လာရောက် ကောက်ယူသွားတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ