ရပ်ကွက်အလှူခံဇရပ်မှာထိုင်နေတဲ့ ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရလို့ ၈ ဦး သေဆုံး

ညောင်ဦး၊ ဇွန် ၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ဇရပ်မှာထိုင်နေတဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ ပစ်ခတ်ခံရပြီး ၈ ဦးသေဆုံးကာ လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ညောင်ဦးခရိုင်အခြေစိုက် ထနောင်းမြေစစ်ကြောင်းထံက သိရပါတယ်။

ဇွန် ၁ ရက် နေ့လယ် ၂ နာရီကျော်မှာ ဂန့်ဂါရပ်ကွက်အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဇော်ဇော်ဦးစီးအဖွဲ့ဟာ အလှူခံမဏ္ဍပ်ဖွင့်လှစ်ထားတဲ့ အခင်းဖြစ်နေရာမှာ ငွေကြေးကောက်နေကြောင်း သတင်းရတာကြောင့် သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ချိန်မှာ ဇရပ်အတွင်း နှစ်ဖက်ခွဲထိုင်နေကြတယ်လို့ ဆိုပါတယ်။

” ကျနော်တို့အထင်ကျည်ထိတာလား၊ သူ(အုပ်ချုပ်ရေးမှူး) ကလစ်ဖြုတ်ပြီး ပြန်ပစ်တဲ့ နာနတ်သီး (လက်ပစ်ဗုံး)ကျကွဲပြီး ထိတာလားဘဲ။ ကျနော်တို့က ကားနဲ့ဖြတ်ပြီး ပစ်သွားတာပဲ။ အဓိက သူ့ကို (အုပ်ချုပ်ရေးမှူး)ပစ်တာ။ သူ့နောက်လိုက်တွေတော့ပါတယ်။ ကားပြန်လှည့်ခါနီးမှာတော့ နာနတ်သီးကွဲသံကြားလိုက်သေးတယ်။ ကားနဲ့လမ်းမပေါ်ကဖြတ်သွားရင်း မစ်ရှင်လုပ်တာ၊ ပြန်လှည့်လာတော့ အကုန်လဲနေကြပြီ “လို့ ထနောင်းမြေစစ်ကြောင်း IO မူတူးက မြေလတ်အသံကို ပြောပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီတယ်လီဂရမ်၊ ထနောင်းမြေစစ်ကြောင်း။
ဓာတ်ပုံ – စစ်ကောင်စီတယ်လီဂရမ်၊ ထနောင်းမြေစစ်ကြောင်း။

ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အပါအဝင် ၈ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရထားတာကိုတွေ့ရကာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာကို ဝင်ရောက်ရှင်းလင်းချိန်မှာ ဦးဇော်ဇော်ကိုင်ဆောင်တဲ့ လက်လုပ်သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ဦးဇော်ဇော်ကိုင်ဆောင်တဲ့မှတ်ပုံတင်၊ ကျည်အချို့သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ အုပ်ချုပ်ရေးမှူးနဲ့ရပ်မိရပ်ဖတွေဟာ ဂန့်ဂါရပ်ကွက်ရှိ ဓမ္မာရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လူ ၁၅ ဦးခန့်ဟာ ပဌာန်းပွဲအတွက် အစည်းအဝေးပြုလုပ်နေချိန် PDF တွေဘက်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော် (ခ)ဦးမြင့်ဇော် အပါ ဦးတင်မြိုင်၊ ဦးခင်မောင်ဌေး၊ ဦးခင်မောင်သန်း၊ ဦးသန်းထွန်း၊ ဦးစိုးမင်းနှင့် ဦးကြည်ထွန်းတို့ သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီတယ်လီဂရမ်၊ ထနောင်းမြေစစ်ကြောင်း။
ဓာတ်ပုံ – စစ်ကောင်စီတယ်လီဂရမ်၊ ထနောင်းမြေစစ်ကြောင်း။

စစ်ကောင်စီတယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြနေမှုအပေါ် ထနောင်းမြေစစ်ကြောင်း IO မူတူးက အခုလိုတုံ့ပြန်ပါတယ်။

” ပဌာန်းပွဲလုပ်မယ့်သူတွေကလည်း သေနတ်တွေကော လက်ပစ်ဗုံးတွေကပါနေတာဆိုတော့ ဟုတ်၊ မဟုတ်ဆိုတာ စဥ်းစားကြည့်ပါအုန်း”လို့ ၎င်းက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကိုတော့ ထနောင်းမြေစစ်ကြောင်း၊ Bagan & Nyaung-U Special Task Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဇွန် ၂ ရက် မနက် ၅ နာရီခန့်မှာလည်း ညောင်ဦးမြို့နယ်၊ စဥ့်ကူးကျေးရွာနေ ရာအိမ်မှူး အသက် ၄၀ ဝန်း ကျင်ရှိ ဦးထွန်းထွန်းနိုင်ဟာ နေအိမ်မှာ ရှိနေချိန်သေနတ်သမားတွေက ဝင်ပစ်သွားလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။