myaelatt athan

Sharing Information to the Local

စစ်တပ်နဲ့ပျူစောထီးတွေတပ်စွဲပိတ်ဆို့ထားတဲ့ရွာက ကိုရင် ၂ ပါးအပါ ၅ ဦး PDF ဆီထွက်ပြေးလာ

0
0

ကျေးရွာအတွင်း အစာရေစာပြတ်လပ်နေပြီး စစ်တပ်နဲ့ပျူစောထီးခေါင်းဆောင်တွေက ရိက္ခာပြန်ရောင်းစားနေတယ်လို့ဆို

မြိုင်၊ ဇွန် ၃၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီးနဲ့စစ်ကောင်စီတပ်တွေအထိုင်ချတပ်စွဲထားတဲ့ ကန်နီကျေးရွာက ကိုရင်၂ ပါးနဲ့ ပြည်သူ ၃ ဦး ဟာ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းဆီကို ချိတ်ဆက်ကာထွက်ပြေးလာတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ထွက်ပြေးလာသူတွေဟာ ဆယ်ကျော်သက် ကိုရင် ၂ ပါး၊ အသက် ၅၀ ဝန်းကျင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို မေ ၃၀ ရက်မှာ ကန်နီရွာအနီးမှာပဲ သွားရောက်ခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့က စိတ်လည်း စိတ်ချရတဲ့ပြည်သူတွေမို့ ကျနော်တို့ကသွားခေါ်တာပါ။ ကျတော်တို့အနေနဲ့က သပ်သပ်ကြီးသွားခေါ်ရတာမျိုးမဟုတ်ဘဲ ပျူရွာတွေမှာ အမြဲတမ်းအနီးကပ်စောင့်ကြည့်နေတာရှိတယ်။ အဲ့လိုအနေအထားကနေရွာရဲ့ မီတာ၂၀၀၊ ၃၀၀ ဝန်းကျင်အထိသွားခေါ်ရတာပါ” ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း ဒုတပ်ရင်းမှူးက မြေလတ်အသံကို ပြောပါတယ်။

၎င်းပျူစောထီးရွာကို ဒေသကာကွယ်ရေးတပ်တွေဘက်က ပိတ်ဆို့ရိက္ခာဖြတ်တောက်ထားတာ ၂ နှစ်နီးပါးရှိနေပြီဖြစ်ပြီး ကျေးရွာတွင်းစားသောက်ရေးခက်ခဲလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ထွက်ပြေးလာကြတာလို့ ပခုက္ကူခရိုင်အမှတ် ၁၅ ဒုတပ်ရင်းမှူး ဆီကသိရပါတယ်။

“အခုက သူတို့ထွက်လာရတဲ့အကြောင်းရင်းက လုံခြုံမှုတွေမရှိတော့တာ။ စားရေးသောက်ရေး နေရေးထိုင်ရေးတွေကအစ သူတို့အချင်းချင်း အတွင်းကြိတ် ပုန်ကန်မှုတွေရှိနေတဲ့အတွက် သူတို့မနေရဲလို့ထွက်လာတော့တာပါ” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီတပ်ကပို့ပေးနေတဲ့ရိက္ခာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို ပြန်လည်ဖြန့်ဝေပေးတာမရှိဘဲ အဲဒီရွာမှာတာဝန်ကျနေတဲ့ စစ်တပ်နဲ့ ပျူစောထီးခေါင်းဆောင်တို့ပူးပေါင်းပြီး ရိက္ခာတွေကိုရောင်းစားနေကြတာလို့ ထွက်ပြေးလာသူတွေရဲ့ပြောပြချက်ကို ကိုးကားပြီး အထက်ပါဒုတပ်ရင်းမှူးက ပြောပါတယ်။

“အစားအသောက်ကသူတို့အတော်လေးခက်ခဲတယ်လို့ ပြောပါတယ်ဗျ။ နဘူးရွက်တောင်ပြုတ်စားရတဲ့ အနေအထားမျိုးတွေလို့ သူတို့ပြန်ပြောပြပါတယ်။ အခုဆိုရင် ပျူစောထီးခေါင်းဆောင်နဲ့ စစ်ဗိုလ်တို့က တပ်ကထောက်ပံ့ပေးတဲ့ရိက္ခာတွေကို စစ်သားတွေ၊ ရဲတွေ၊ လက်နက်ကိုင် ပျူစောထီးတွေ၊ ပြည်သူတွေကိုပြန်ဖြန့်ပေးတာမရှိပဲနဲ့ ပိုက်ဆံနဲ့ပြန်ရောင်းနေတယ်။” လို့ ဆိုပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေက ကျေးရွာတွင်းပြည်သူတွေကို ရွာပြင်ထွက်ခွာခွင့်ပိတ်ထားကာ ရွာခံတွေအနေနဲ့ ရွာဝင်၊ ရွာထွက်တွေမှာ အလှည့်ကျကင်းစောင့်ရပြီး ခွင့်ပြုချက်မရှိဘဲ ရွာပြင်ထွက်ခွာပါက သေနတ်နဲ့ပစ်သတ်တာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။

ကန်နီရွာဟာ မြိုင်နယ်အတွင်းပျူစောထီးအင်အားအကောင်းဆုံးရွာဖြစ်ပြီး အိမ်ခြေ ၇၀၀ ကျော်ရှိကာ ရွာထဲမှာ စစ်သား၊ ရဲနဲ့ပျူစောထီးပူးပေါင်းအင်အား ၇၀ ခန့် အထိုင်ချတပ်စွဲထားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။