myaelatt athan

Sharing Information to the Local

မန္တလေးတိုင်း မြို့နယ် ၂ ခုက စာသင်ကျောင်းနဲ့ဟိုတယ် ဗုံးကြဲခံရ

မြေလတ်အသံ၊ ဇွန် ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်က စာသင်ကျောင်း၊ ဟိုတယ် နဲ့ လူနေအိမ်တွေကို စစ်ကောင်စီတပ်က ဇွန် ၁ ရက်မှာ တိုက်ခိုက်ရေးလေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ကံသာကျေးရွာရှိ နှစ်ထပ်ဆောင်စာသင်ကျောင်းကို ညနေ ၇ နာရီကျော်မှာ ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချခဲ့တာလို့ဆိုပါတယ်။

“စာသင်ကျောင်းဖွင့်လှစ်ပြီးသင်ကြားနေတာတော့မရှိဘူးဗျ။ မရှိလို့ လူထိခိုက်တာမရှိတာဗျ။ တိုက်ပွဲဖြစ်တာကတော့ လုံးဝကိုမရှိတာဗျ”လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောပါတယ်။

ဗုံးကြဲခံရတဲ့ စာသင်ကျောင်းဆောင်မှာ အခြေခံပညာအထက်တန်းကျောင်းဖြစ်ပြီး ကျောင်းအဆောက်အဦ ၁ ခုလုံးပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေ့လယ် ၁ နာရီနဲ့ ၂ နာရီကျော်မှာတော့ စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာရှိ Lucky 7 ဟိုတယ်နဲ့ နွယ်ရုံကျေးရွာတို့ကို ပေါင် ၃၀၀ ဗုံး ၁ လုံးစီ ကြဲချတိုက်ခိုက်ခံရတယ်လို့ အထက်ပါ တာဝန်ရှိသူကပြောပါတယ်။

Lucky7 ဟိုတယ်ဗုံးကြဲခံရမှုမှာ အနီးပတ်ဝန်းကျင်ရှိ အသက် ၂၀ နဲ့ ၃၀ ကျော်အရွယ်အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွယ်ရုံကျေးရွာမှာတော့ နေအိမ် ၂ လုံးပျက်စီးခဲ့ပေမယ့် လူအထိအခိုက်မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ချိန် သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားတာ လုံးဝမရှိဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ မေ ၁၇ ရက်အထိ စစ်ကောင်စီတပ်က မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု ၅၇ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၇၂ ဦး သေဆုံးကာ ၁၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ မှတ်တမ်းအရသိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။