myaelatt athan

Sharing Information to the Local

ယူနက်စကိုစာရင်းတင်သွင်းထားသည့် မြောက်ဦးမြို့မှ ရှေးဟောင်းရုပ်တု ၂ ရုပ်ဖျက်ဆီးခံရ

0
0

မြေလတ်အသံ၊ ဇွန် ၂၊ ၂၀၂၂။

ကမ္ဘာ့အမွေအနှစ်(ယူနက်စကို) စာရင်းဝင်ရောက်နိုင်ရေးအတွက် စာရင်းတင်သွင်းထားသည့် မြောက်ဦးမြို့တွင် နန်းတော်ရာကုန်း ဒုတိယအထပ်၌တည်ထားပူဇော်ထားသည့် မြို့စောင့်နတ်ရုပ် ၂ရုပ်မှာ ဇွန်လ ၁ ရက်နေ့ ညနေ ၉ နာရီကျော်အချိန်ခန့်တွင် မသမာသူများ၏ဖျက်ဆီးခြင်းကို ခံလိုက်ရသည်ဟု သိရသည်။

ဖျက်စီးခံလိုက်ရသည့် နတ်ရုပ် ၂ ရုပ်မှာ ဓက္ကားမင်း(ခေါ်)အဘိုးရှင်နတ်မောင်နှင့် မြောက်ဦးနန်းသူ ဂမှုံးဖြူအမည်ရှိ နတ်ရုပ်များဖြစ်ကြပြီး ၎င်းတို့မှာ မျက်စီးများနှင့် နားခေါင်းများ ဖျက်စီးခံလိုက်ရခြင်းဖြစ်သည်ဟု မြောက်ဦးမြို့ခံ ကိုကျော်မင်းထွန်းကပြောသည်။

“နတ်ရုပ်ရှိတဲ့ နန်းရာကုန်းဒုတိယထပ်ဆိုတာက လူအနေများတဲ့နေရာတစ်ခုပါ။ နေ့ခင်းဆိုရင်လည်း အဲဒီနေရာမှာ အအေးဆိုင်တွေဖွင့်လို့ရောင်းကြတယ်။ ပြီးတော့ အပန်းဖြေသူတွေထိုင်တဲ့ ခုံတန်းလေးတွေရှိတယ်။ နတ်ရုပ်တွေကို မာကျောတဲ့ပစ္စည်းတစ်ခုခုနဲ့ ထုရိုက်သွားတာထင်တယ်။ အဲဒီနတ်ရုပ်တွေကို သံဆန်ခါတွေနဲ့သေသေချာချာ ခြံခတ်ထားတာပါ။ ဒီလိုနတ်ရုပ်တွေကိုမှ ဖျက်ဆီးရတယ်လို့။ တော်တော်လည်း စိတ်ပျက်ဖို့ကောင်းပါတယ်။” ဟု ဆိုသည်။

မြောက်ဦးမြို့မှာ ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ မြောက်များစွာရှိသဖြင့် ၎င်းဒေသကို ကမ္ဘာ့အမွေအနှစ် (ယူနက်စကို)စာရင်းဝင်ရောက်နိုင်ရေးအတွက် အဆိုတင်သွင်းထားသည့်အချိန်မှာ ယခုလိုရှေးဟောင်းရုပ်ထုများ ဖျက်စီးခံနေရသည့်အတွက် မြောက်ဦး၏ပုံရိပ်ထိခိုက်သွားမှာကိုစိုးရိမ်မိသည်ဟု ကိုကျော်မင်းထွန်းကပြောသည်။

ရုပ်တု ၂ ရုပ်မှာ ရှေးယခင်ဘုရင်လက်ထက်ကတည်းက ရှိခဲ့ပြီး ပြန်လည်ပြုပြင်ထားခြင်းဖြစ်ကာ ရုပ်တုတုပ်လုပ်ခဲ့သည့် ရာစုနှစ်နှင့် ဘုရင် မင်းဆက်များကို အတိအကျသိနိုင်ရန် ရှေးဟောင်းသုတေသနဌာနသို့ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်းအဝေးပြုလုပ်နေသည့်အတွက် အသေးစိတ်ဖော်ပြနိုင်ခြင်းမရှိပေ။

ယူနက်စကိုဝင်ရောက်နိုင်ရေးအတွက် အဆိုပြုလွှာမှုကြမ်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ UNESCO World Heritage Center သို့တင်သွင်းခဲ့သည်။ အဆိုပြုလွှာမူချောကိုမူ ၂၀၂၁ ခုနှစ်တွင် တင်သွင်းနိုင်ခဲ့ပြီး လာမည့် ၂၀၂၃ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင်ကျင်းပမည့် ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဥ်ကျေးမှုအဖွဲ့(UNESCO) ကပြုလုပ်မည့် အစည်းအဝေးတွင် ဆုံးဖြတ်ပေးသွားမည်ဟုသိရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။