myaelatt athan

Sharing Information to the Local

ပွင့်ဖြူမှာ ပျူစောထီးတွေနဲ့ စစ်ကူလာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း

ပွင့်ဖြူ၊ မတ် ၂၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာက ပျူစောထီးတပ်ဖွဲ့ဝင်တွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့အပြင် စစ်ကူလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လည်းတိုက်ပွဲဖြစ်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

ဖေဖော်ရီ ၂၇ ရက်မနက် ၆ နာရီ ၁၅ မိနစ်မှာ ပျူစောထီးအင်အား ၅၀ ဝန်းကျင်ရှိတဲ့ ရေပုတ်ကြီးကျေးရွာထဲကို မဟာမိတ်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲ့ဒီရွာကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်အိမ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာပါ။ တရွာလုံးကို တိုက်ခိုက်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင်ထားတဲ့ ပျူစောထီးတွေကို ဝင်ရောက်သုတ်သင်ရှင်းလင်းတာပါ။ အဲ့ဒီရွာကို လက်နက် ၃၃ လက်တပ်ဆင်ပေးထားတာ။ အဲ့ဒီရွာမှာက ပျူစောထီးအင်အားက ၄၀ ကျော်နဲ့ ၅၀ ဝန်းကျင်မှာရှိပါတယ်။” လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တပ်ရင်းဗိုလ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ပျူစောထီး ၄ ဦးသေဆုံးကာ ကာဘိုင်သေနတ် ၁ လက်၊ ကျည် ၁၄၉ တောင့်၊ ကျည်ဘောက် ၂ ဘောက် ၊ G3 ကျည် ၁၁ တောင့်၊ ကျည်ဘောက်စပရိန် ၁ ခု ၊ ဓားမြှောင် ၁ ချောင်း ၊ ဖုန်း ၅ လုံး၊ Power Bank ၂ လုံး တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီနောက်မနက် ၈ နာရီလောက်မှာ ရေပုတ်ကြီးရွာကိုစစ်ကူလာတဲ့ ကျောင်းကုန်းကြီးရွာက စစ်သားနဲ့ပျူစောထီးတပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၈၀ လောက်ကို အဆိုပါရွာ ၂ ရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်တဲ့အချိန်မှာလည်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ ၄ ကြိမ်တိတိ လာပစ်သွားတာ ရှိပါတယ်။ သူတို့ဘက်က မြေပြင်မှာအသာစီးမရတော့ လေကြောင်းကနေ လေယာဉ်နဲ့ ပစ်ကူပေးကြတယ်။ ဂျက်ဖိုက်တာနဲ့ မကွေးလေတပ်ကလာပြီး ပစ်တာ။” လို့ သူက ဆက်ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် ၄၅ မိနစ်လောက်ကြာခဲ့ပြီး စစ်ကောင်စီဘက်က ပျူစောထီး ၂ ဦးထပ်မံသေဆုံးကာ ၂၀ ဦးထက်နည်းဒဏ်ရာရခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တပ်ရင်းဗိုလ်က ပြောပါတယ်။

အထက်ပါထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုတွေကို မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း၊ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ ပေါက်၊ မြိုင်စုဖွဲ့မှု ပကဖ၊ Young Force (PKU)၊ Joker ပြောက်ကျားတပ်ဖွဲ့နဲ့ Earthquake People’s Defence Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးချိန်ကစလို့ မတ် ၂ ရက် ဒီနေ့အထိ ရေပုတ်ကြီးကျေးရွာ၊ ရေပုတ်ကလေးကျေးရွာ၊ ကျောင်းကုန်းကြီးရွာကြားတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင် အင်အား ၂၀၀ ဝန်းကျင်ကာ အုပ်စုခွဲပြီး တပ်စွဲအထိုင်ချထားတယ်လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တပ်ရင်းဗိုလ်က ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။