myaelatt athan

Sharing Information to the Local

PDF ရဲဘော်တဦး ကျဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တဲ့ ဒီပဲယင်းက ၂ ရက်တာ တိုက်ပွဲ

0
0

စစ်ကိုင်း၊ မေ ၂၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကျေးရွာတရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ PDF တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ၂ရက်ဆက်တိုက်ဖြစ်ခဲ့ပြီး PDF ဘက်က ရဲဘော်တဦး ကျဆုံးပြီး ပြည်သူ၂ဦး ‌သေနတ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၈ရက်မှာ ဒီပဲယင်းမြို့နယ် ခွင့်တောင်း( ခတောင်း) ရွာကို အင်းအား ၁၀၀ လောက်နဲ့ မနက် ၇နာရီလောက်မှာ သေနတ်တွေဖောက်ပြီး ဝင်လာခဲ့ကြတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်လရောင်အဖွဲ့ တာဝန်ခံက ပြောပါတယ်။

” စစ်ခွေးတွေ သေနတ်တွေ ရမ်းသမ်းဖောက်ပြီး ရွာထဲဝင်လာချိန်မှာ ခတောင်း ရွာသား ၂ဦး လက်မောင်းကို သေနတ်ထိမှန်ခဲ့တယ် မစိုးရိမ်ရဘူး၊ ပေါင်ချိန်အဖွဲ့က ဆိုင်ကယ်နဲ့ ကယ်ထုတ်ပြီး ရေဦးနားက ဆေးရုံတခုကို ပို့ပေးနိုင်ခဲ့တယ်” လို့ ဗိုလ်လရောင် အဖွဲ့ တာဝန်ခံက ပြောပါတယ်။

မေလ ၁၈ရက်မှာ စစ်ကောင်စီက ရွာမြောက်ဘက်ပိုင်းက စဝင်လာခဲ့တာကြောင့် ဗိုလ်လရောင်အဖွဲ့အပါအဝင် မဟာမိတ်အဖွဲ့ ၃ဖွဲ့လောက်နဲ့ ရွာတောင်ပိုင်းက ဝင်ပြီး ပစ်ခတ်မှု အနည်းငယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

” ၁၈နဲ့ ၁၉ ၂ရက် တိုက်ပွဲဖြစ်တာပေါ့ ပထမနေ့တိုက်ပွဲမှာ သူတို့ဘက်က ကျတာလည်း မသိရသလို ကျနော်တို့ ဘက်ကလည်း အထိခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်၊ ပြောက်ကျားပုံစံမျိုးပဲ ကျနော်တို့က ဝင်ပစ်လိုက် သူတို့ဘက်က ပြန်ပစ်လိုက်ပေါ့ ၊ ၁၉ရက်နေ့ အပြန်အလှန်ပစ်တဲ့ အချိန်မှာ ကျနော်တို့ဘက်က ရဲဘော်တဦးတော့ ကျဆုံးသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ခွင့်တောင်း( ခတောင်း) ရွာထဲမှာ ၂ည ဆက်တိုက် တပ်စွဲနေထိုင်ပြီးရွာက နေအိမ် ၅လုံးလောက်မီးရှို့ခဲ့သလို တိုက်အိမ်တလုံးက ပစ္စည်းတွေမွှေနှောက်ယူသွားကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက မေလ၂၀ ရက်မနက် ၃နာရီဝန်းကျင်မှာ ပြန်ထွက်သွားကြတာကြောင့် ဗိုလ်လရောင်အဖွဲ့အပါအဝင် မဟာမိတ်အဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်မှာ သွေးကွက်တွေ မြင်တွေ့ရတာကြောင့် စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ပြောပါတယ်။

” နယ်မြေခံအဖွဲ့တွေနဲ့ ကျနော်တို့ ဝင်ပြီးနယ်မြေရှင်းလင်းတော့ ကျနော်တို့ပစ်တဲ့ လက်နက်ကြီး၊ လက်နက်ငယ် ၊ ဒရုန်းတွေနဲ့ ပါ တိုက်ခိုက်မှုကြောင့် စစ်ခွေးတွေရဲ့ သွေးတွေတော့ တွေ့ခဲ့ရတယ်ဗျ၊ တခြားကျန်တဲ့ ဘာသက်သေမှ မရလိုက်ဘူး” လို့ ဗိုလ်လရောင်အဖွဲ့ တာဝန်ခံကပဲ ပြောပါတယ်။

ခတောင်းရွာရဲ့ မြောက်ဘက်မှာ စစ်ကောင်စီကရှိနေပြီး ရွာတောင်ပိုင်းမှာ PDF မဟာမိတ်အဖွဲ့တွေက နေရာယူထားပြီ ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့လို့ PDF ရဲဘော်တဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ မျက်မြင်အတည်ပြုနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်လိုပဲ ပြီးခဲ့တဲ့ ရက်တွေမှာ တန့်ဆည်၊ ရေဦး၊ ယင်းမာပင် စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီက အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သလို လေယာဥ်တွေနဲ့ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။