တောင်ငူ၊ မေ ၃၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က ဒေသခံအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ မေ ၃၀ ရက်ဒီကနေ့မှာ ရေတာရှည်မြို့နယ်အခြေစိုက်တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၁ ကထုတ်ပြန်ပါတယ်။
အသတ်ခံရသူတွေဟာ အသက် ၃၂ နှစ်အရွယ် ကိုဖိုးလုံး နဲ့ ကိုရဲဇော်တို့ သူငယ်ချင်း ၂ ဦးဖြစ်ပြီး ဒိုးနွယ်ကျေးရွာရှိ ကွန်ကရစ်လမ်းထိပ်မှာ မေ ၂၈ ရက်ညနေ ၆ နာရီကျော်က သေဆုံးရုပ်အလောင်းကို တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
“ရုပ်အလောင်းတွေမှာ ဦးခေါင်းပွင့်ထွက်နေတယ်။ မြင်မကောင်းလောက်အောင်ကို ဖြစ်နေတာ။ အသတ်ခံရသူတွေရဲ့ ကျေးရွာအမည်က မိသားစုလုံခြုံရေးအရပြောမရပါဘူး”လို့ ရေတာရှည်မြို့နယ် အခြေစိုက်တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၁ မှတာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါအမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထုံးဘိုကြီးရွာ စစ်ကောင်စီတပ်စခန်းကဖြစ်ပြီး အင်အား ၁၀၀ ခန့်ရှိတယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ကိုဖိုးလုံး နဲ့ ကိုရဲဇော်တို့စီးလာတဲ့ ဆိုင်ကယ်ကို မီးရှို့ခဲ့သလို ဒိုးနွယ်ကျေးရွာက လူနေအိမ် ၁ လုံးနဲ့ ဆန်အိတ်အလုံးရေ ၃၀ ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ မေ ၂၉ ရက်အထိ စစ်ကောင်စီနဲ့၎င်းရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၆,၇၆၄ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့အစီရင်ခံစာအရသိရပါတယ်။
စာတည်း – လင်း