myaelatt athan

Sharing Information to the Local

PDF စခန်းတခုကို ဝင်သိမ်းတဲ့ စစ်အုပ်စုနဲ့ ‌မြောင်တပ်ပေါင်းစုတို့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက အကျအဆုံးများနိုင်

0
0

မြောင်၊ မေ ၃၊ ၂၀၂၂။

မြောင်မြို့နယ်က PDF စခန်းတခုကို ဝင်သိမ်းပြီး မီးရှို့တဲ့ စစ်အုပ်စုကို အလာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပြန်သွားချိန်မှာလည်း နှစ်ဖပ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့လို့ အာဏာသိမ်းစစ်အုပ်စုဘက်က အနည်းဆုံး ၁၀ဦး သေဆုံးခဲ့တယ်လို့ Myaung Revolution Army (MRA) တာဝန်ခံ က ပြောပါတယ်။

မေလ ၁ရက်မနက် ၆နာရီလောက်မှာ MRA ရဲ့ စခန်းတခုကို အင်အား ၁၀၀ ကျော်ပါတဲ့ စစ်အုပ်စုတွေက စခန်းဝင်စီးပြီး မီးရှိ့နေချိန်မှာ စခန်းအတွင်း ထောင်ထားတဲ့ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ MRA တာဝန်ခံက ပြောပါတယ်။

” ကျနော်တို့က ရှောင်လိုက်တယ် စခန်းထဲမှာ ပဒေသာတွေထောင်ထားတာ၊ ဒီကောင်တွေလာတဲ့ အချိန် ကျနော်တို့ မိုင်းကုန်းကို မရောက်သေးတော့ ကျနော်တို့ မခွဲသေးဘူး၊ ပွိုင့်နေရာရောက်မှာ ကျနော်တို့က စခွဲတာ၊ ဒီကောင်တွေ ပထမဆုံး တဲတလုံးကို မီးစရှို့တယ် ပဒေသာမိုင်းတတွဲဆွဲပေးလိုက်တယ်၊ နောက်တလုံးထပ်ရှို့တော့ နောက်တတွဲ ထပ်ဆွဲပေးလိုက်တဲ့ အချိန်ကျတော့ ဒီကောင်တွေပြေးတော့တာပဲ ” လို့ ပြောပါတယ်။

စစ်အုပ်စုက တက်လာချိန်မှာ MRA အဖွဲ့က ဒရုန်းနဲ့ စောင့်ကြည့်နေခဲ့ပြီး ပဒေသာမိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုတွေကို မြင်တွေ့နေရတယ်လို့ MRA တာဝန်ခံက ပြောပါတယ်။

” ဗီဒီယိုမှတ်တမ်းတွေအရ ကျနော်တို့တွေ့တာက ၃ယောက်လောက်ပေါ့ ၊ ဒေသခံတွေကင်းထောက်တွေက ပြောတာက ဆယ်ဂဏန်းလောက်ရှိမယ်၊ ဒါပေမယ့် ဒီကောင်တွေ ၁၀၀ကျော်နဲ့ ဝင်လာတာပြန်ထွက်သွားတော့ ၈၀ကျော်လောက်ပဲ ပြန်သွားတာဗျ” လို့ ပြောပါတယ်။

နောက်ထပ် မေလ ၂ရက် မနေ့ကလည်း မီးရှို့ပြီးပြန်ထွက်သွားတဲ့ အင်အား ၈၀‌ကျော်အဖွဲ့နဲ့ မြောင်မြို့နယ် တပ်ပေါင်းစု အားလုံးပေါင်းပြီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

မေလ၂ရက် မနက် ၉နာရီဝန်းကျင်လောက်က မြောင်မြို့နယ် နဘတ်ရွာနဲ့ ဆွဲလဲအိုရွာအကြားမှာ နှစ်ဖက်ထိတွေတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အသေအပျောက်ရှိခဲ့တယ်လို့ ပြောပါတယ်။

” မိုင်းကွင်းထဲရောက်လာလို့ မိုင်းထပ်ဆွဲခဲ့တယ်၊ ပြီးတော့ အပြန်အလှန်ပစ်ခတ်ကြတယ်၊ တိုက်ပွဲကြာချိန်က ၂နာရီခွဲလောက်ရှိမယ်၊ အကျအဆုံးကတော့ ဒေသခံတွေပြောချက်အရ ၁၀ ဦးလောက်ရှိတယ်။ ” လို့ MRA တာဝန်ခံက ပြောပါတယ်။

စခန်းသိမ်းဖို့လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေမှာ ရဲအင်အားများတာတွေ့ရပြီး ကျဆုံးသွားသူတွေရဲ့ အဝတ်အစားတွေက ရဲအသုံးအဆောင်တွေဖြစ်သလို အင်္ကျီတွေမှာလည်း ဗလတပ်ခွဲဆိုတဲ့ စာတန်းတွေ ပါဝင်တာကို တွေ့ရတယ်လို့ ပြောပါတယ်။

မေလ ၁ရက်နဲ့ ၂ရက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျဆုံးမှုကတော့ အနည်းဆုံး ၁၀ ဦးသေဆုံးတယ်လို့ MRA ဘက်က အတည်ပြုနိုင်ထားပြီး အဲ့ဒီထက်များနိုင်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။