myaelatt athan

Sharing Information to the Local

အရပ်သားအချင်းချင်း ရန်ဖြစ်လို့ ရဲဖမ်းဆီးခံရသူ အလောင်းသာပြန်ရ

0
0

မကွေး၊ ဧပြီ ၂၇၊ ၂၀၂၂။

မကွေးတိုင်း၊ မကွေးမြို့မှာ ဧပြီ ၂၆ ရက် မနေ့က ည ၁၁ နာရီခန့်က အရပ်သားချင်းရန်ဖြစ်ရာမှ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရသူ ၁ ဦးဟာ ရဲစခန်းမှာဘဲသေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူဟာ မြင်သာရပ်ကွက် ၂၈ လမ်းနေ ထိုင်သူ အသက် ၄၂ နှစ်အရွယ် ကိုကျော်မင်းထိုက်ဆိုသူဖြစ်ပြီး သူနဲ့အိမ်နီးနားချင်းနေသူတို့ ရန်ဖြစ်တာကနေ ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူ့ကို မကွေးမြို့ အမှတ်(၁) မြို့မစခန်းက ရဲအင်အား ၂၅ ဦးခန့်က လာရောက်ဖမ်းဆီးတာဖြစ်ပြီး ဖမ်းဆီးနေစဥ် ဝိုင်းဝန်းထိုးကြိတ်ဖမ်းဆီးခဲ့တဲ့အပြင် ဧပြီလ ၂၆ ရက်နေ့ည ၁၂ နာရီခန့်မှာ ဖမ်းဆီးခံရပြီး နောက်တနေ့ မနက် ၂ နာရီခွဲအချိန်( ဖမ်းဆီးခံရပြီး ၃ နာရီခန့်အကြာ) လောက်မှာ သေဆုံးသွားပြီး အလောင်းသာ ပြန်ရခဲ့တာဖြစ်ပါတယ်။

”ဖြစ်တာက သူနဲ့အိမ်ခြံခြင်းကပ်လျက်က ကိုလင်း ဆိုတဲ့သူနဲ့ ရန်ဖြစ်တာ။ သူက ပုလင်းနဲ့ရိုက်လိုက်တယ်။ အဲ့ဒီလို ရန်ဖြစ်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တိုင်လို့ ရဲကသူ့အိမ်ကို လာဖမ်းတာ။ လာဖမ်းတော့ သူကပုန်းနေတာ။ တွေ့လည်းတွေ့ရော ဝိုင်းပြီး ထိုးကြိတ်၊ ရိုက်နှက် ကန်ကျောက်ပြီးဖမ်းတာ အိမ်ရှေ့မှာတင်တော်တော်ခံရတယ်။ ရဲစခန်းရောက်တော့ ၂ နာရီခွဲလောက်မှာ ဆုံးသွားလို့ ရင်ခွဲရုံပို့လိုက်တယ်လို့ သိရတယ်” လို့ မကွေးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူ အသက် ၄၂ နှစ်အရွယ် ကိုကျော်မင်းထိုက်ရဲ့ နာရေးဈာပဏကို ဒီကနေ့ ညနေ ၅ နာရီခန့်က မကွေးမြို့ ချမ်းမြေ့သာယာသင်္ချိုင်းမှာ မီးသင်္ဂြိုလ်ခဲ့ပြီး၊ နာရေးအိမ်မှာ မနက်ကတည်းက ရပ်ကွက်လူကြီးနဲ့ အရပ်ဝတ်ရဲတပ်ဖွဲ့ဝင် စောင့်ကြည့်ပြီး ဓာတ်ပုံရိုက်ခွင့်မပြုဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“ဖမ်းပြီး ၃ နာရီအကြာ ရဲစခန်းမှာဆုံးတယ်။ Body ကို ရင်ခွဲရုံတန်းပို့တယ်။ နာရေးအိမ်ကနေ နိဗ္ဗန်ယာဉ်က အလွတ်ကြီး ရင်ခွဲရုံကိုမောင်းသွားရတာ။ အလောင်ကို မိသားစုတွေတောင် တွေ့ခွင့်မရလို့ ဘယ်လိုဒဏ်ရာတွေနဲ့ သေတယ်ဆိုတာ မသိရသေးဘူး။ မနက်ကတည်း ရပ်ကွက်လူကြီးနဲ့ ရဲတွေက နာရေးအိမ်မှာ စောင့်နေပြီး၊ သတင်းလာမေးတဲ့လူတွေကို ဓာတ်ပုံမရိုက်ဖို့ တားမြစ်ထားတယ်။ ဓာတ်ပုံရိုက်ဖို့တောင်မလွယ်ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး တော်လှန်ရေးလုပ်ငန်းတွေမှာပါဝင်တဲ့သူတွေကို နှိပ်စက်ပစ်ခတ်သတ်ဖြတ်နေတာတွေအပြင် အခုလို တော်လှန်ရေးမှာမပါဝင်တဲ့အရပ်သားပြည်သူတွေကိုလည်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေကိုလည်း မကြာခဏဆိုသလို ကျူးလွန်တာတွေ ရှိပါတယ်။

နိုင်ငံရေးအကျဥ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ – AAPP စာရင်းတွေအရ အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလ မနေ့ကအထိ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၇၉၈ ဦးထိရှိပြီလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။