myaelatt athan

Sharing Information to the Local

ဂန့်ဂေါမှာ လေကြောင်းကနေ ဗုံးကြဲလို့ ၁၀ တန်းကျောင်းသား ၁ ဦးအပါ ၃ ဦး သေဆုံး

0
0

ဂန့်ဂေါ၊ မတ် ၇၊ ၂၀၂၅။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်‌၊ ကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းကနေ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသား ၁ ဦးအပါအဝင် ၃ ဦး သေဆုံးပြီး အိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ် ၅ ရက်နေ့ ည ၇ နာရီခွဲခန့်မှာ မိတ္ထီလာက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကျေးရွာထဲကို ဗုံးကြဲခဲ့တာဖြစ်ပြီး ဗုံးသီး ကျရောက်ပေါက်ကွဲတဲ့ နေရာတဝိုက်က နေအိမ် ၄ လုံး မီးလောင်ခဲ့သလို အနီးနားမှာရှိတဲ့ နောက်ထပ် နေအိမ် ၆ လုံးခန့်လည်း ပြိုကျပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“(လူသေဆုံးမှုရှိခဲ့တဲ့)အိမ်ကတော့ အကုန်ပြိုကျသွားတာ၊ မယားက ပွဲချင်းပြီး ယောကျာ်းက ဆေးကုရင်းသေတာ၊ ထပ်ပြီးဆုံးသွားတာက ၁၆ နှစ်အရွယ် ၁၀ တန်း ကျောင်းသားလေး၊ ကလေးက ဗိုက်ကို ဟိုဘက်ဒီဘက် ဖောက်သွားတာ။”လို့ ဂန့်ဂေါဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄၀ ခန့်အရွယ် ဒေါ်ထားမြင့်ကတော့ ဦးခေါင်းဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ ခင်ပွန်းဖြစ်သူ အသက် ၅၀ အရွယ် ဦးအောင်ဖြိုးကတော့ အဲ့ဒီနေ့ ညပိုင်းမှာပဲ ဆေးကုသနေရင်း သေဆုံးခဲ့ပါတယ်။ မတ် ၆ ရက် မနေ့ကလည်း ဆေးကုသနေတဲ့ ၁၆ နှစ်အရွယ် ၁၀ တန်း ကျောင်းသား ၁ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၃ ဦး ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတဲ့ အနေအထားနဲ့ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်၊ ဇဟောရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ဒေသခံအမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့ကနေ မတ် ၆ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီး ၁၁၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPPက မတ် ၆ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၇ ဦးပါဝင်ကာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၉၂ ဦး၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂၁ ဦး သေဆုံးခဲ့တယ်လို့ အဲ့ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။