myaelatt athan

Sharing Information to the Local

ကျေးရွာတွင်းယာယီတပ်စွဲခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာခံတွေရဲ့ပစ္စည်းတွေအဓမ္မယူသွားပြီး နေအိမ်တွေမီးရှို့ခဲ့

ညောင်ဦး၊ မတ် ၇၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ ယာယီတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာခံတွေရဲ့ပစ္စည်းတွေကို အဓမ္မယူဆောင်သွားပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တပ်မ ၈၈ လက်အောက် အင်အား ၆၀ ဝန်းကျင်ပါစစ်ကြောင်းဟာ အဆိုပါရွာကို မတ် ၄ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ယာယီတပ်စွဲနေထိုင်ခဲ့ကာ စစ်ကြောင်းပြန်လည်ထွက်ခွာချိန် မတ် ၆ ရက် မနက်အစော ၃ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

“ ၁၀ ဘီကား ၂ စီးနဲ့ ရွာထဲက နွားတွေ၊ဝက်တွေ၊ စားပွဲတန်းလျားတွေ အကုန်လုံးယူသွားတယ်။ ယူပြီးတော့ ရွာကနေအိမ်တွေကို မီးရှို့ခဲ့တာ ၇ လုံးတော့ ကုန်သွားတယ်။ သူတို့လည်း ပြန်သွားတော့ ရွာအနီးအနားက မီးလောင်တာမြင်တာနဲ့ မီးသွားသတ်ကြတာ။ ၃ ည အိပ်ပြီးမှ မနက်စောစောမှာ မီးရှို့သွားကြတာ။” လို့ ညောင်ဦးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်က ကျောက်ပြင်ကန်ရွာကို ဖေဖော်ဝါရီ ၁၃ ရက်မှာလည်း ၁ ကြိမ် စစ်ကြောင်းထိုးဝင်ရောက်ကာ ထန်းလက်တဲတွေကို မီးရှို့ခဲ့ပြီး စစ်ကောင်စီထောက်ခံရေးသားတဲ့တယ်လီဂရမ်ချန်နယ်တွေမှာ PDF စခန်းတွေကို မီးရှို့တာဖြစ်ကြောင်းဖော်ပြခဲ့တယ်လို့ သိရပါတယ်။

ကျောက်ပြင်ကန်ကျေးရွာဟာ အိမ်ခြေ ၅၀၀ ရှိပြီး ရွာခံတွေဟာ နေအိမ်တွေထပ်မံမီးရှို့ခံရမှာစိုးရိမ်တာကြောင့် ၎င်းတို့ပိုင်ပစ္စည်းတွေကို နီးစပ်ရာကို သယ်ဆောင်ရွှေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။

ကျောက်ကန်ပြင်ရွာကိုမီးရှို့ပြီးထွက်ခွာသွားတဲ့ အဆိုပါတပ်မ ၈၈ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိမှာ ကြအို့ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။