myaelatt athan

Sharing Information to the Local

မုံရွာ နမခက စစ်ကောင်စီတပ်သား ၂ ဦးလက်နက်နဲ့ဘက်ပြောင်းခိုလှုံ

မုံရွာ၊ မေ ၂၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ က စစ်ကောင်စီတပ်သား ၂ ဦး မေ ၂၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လက်နက်နဲ့အတူဘက်ပြောင်းခိုလှုံလာတယ်လို့ CDM တွေကိုကူညီမှုပေးနေတဲ့ ဒို့အရေးချန်နယ်အဖွဲ့ဆီက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်သား ၂ ဦးဟာ ဒို့အရေးချန်နယ်အတွင်းရေးမှူးဆီချိတ်ဆက်ကာ ဘက်ပြောင်းလာကြသူတွေဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို လုံခြုံရေးအရထုတ်ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။

“သူတို့က အကြိမ်ကြိမ် စကစ အလစ်ကိုချောင်းပြီး ကျနော်တို့ ချန်နယ်နဲ့ချန်နယ်ရဲ့ အတွင်းရေးမှုး ရွေဂျူး ထံ ချိတ်ဆက်အလင်းဝင်လာခဲ့တာပါ။ ကျနော်တို့က သူတို့ကိုရပ်/ကျေးပကဖ အဖွဲ့နဲ့ချိတ်ဆက် ဆောင်ရွက်ပေးခဲ့တာပါ”လို့ ဒို့အရေးချန်နယ်မှ ဥက္ကဋ္ဌ ဦးလှမြင့်(ခ)ငြိမ်းချမ်းအောင်က ပြောပါတယ်။

အဲ့ဒီတပ်သား ၂ ဦးဟာ တာဝန်ကျနေတဲ့ နမခ ကနေထွက်ပြေးလာချိန် ရပ်/ကျေးပြည်သူ့ ကာကွယ်ရေး အဖွဲ့တဖွဲ့ကသွားရောက်ခေါ်ဆောင်ခဲ့ကြတာလို့ ဦးလှမြင့်က ဆက်ပြောပါတယ်။

ဒါ့အပြင် သူတို့နဲ့အတူ MA1 အမျိုးအစားသေနတ် ၂ လက်၊ ၃၆ ခွင်းဗုံး ၂ လုံး၊ နင်းမိုင်း ၂ လုံး၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၂၀၀ တို့ပါရှိလာခဲ့တယ်လို့ သိရပါတယ်။

သူတို့တွေဟာ စစ်ကောင်စီတပ်ရဲ့အဓမ္မဖမ်းဆီးခံရပြီးနောက် ရန်ကုန်မှာ စစ်မှုထမ်းအပတ်စဥ် (၈) တက်ရောက်ခဲ့ကာ အဲ့ဒီနောက်မှာ နမခကိုတာဝန်ကျပို့ဆောင်ခံခဲ့ရတာလို့ ဦးလှမြင့်က ပြောပါတယ်။

ဒို့အရေးချန်နယ်ဟာ CDM တွေကို တတ်နိုင်သလောက်ကူညီထောက်ပံ့ပေးဖို့ လုပ်ဆောင်ထားတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး အဖွဲ့သူ/သားတွေအားလုံးဟာလည်း CDM ဝန်ထမ်းတွေဖြစ်ကြတယ်လို့ ဦးလှမြင့်က ပြောပါတယ်။

လက်နက်ခဲယမ်းတွေနဲ့အတူ အခုလိုအလင်းဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို ဆုငွေချီးမြှင့်ပေးချင်တာကြောင့် လိုအပ်နေတဲ့ငွေကြေးကိုလည်း ထောက်ပံ့ပေးကြဖို့ ဦးလှမြင့်က တောင်းဆိုထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။