myaelatt athan

Sharing Information to the Local

CDM ပညာရေးဝန်ထမ်းတဦး အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခံရ

0
0

မြေလတ်အသံ၊ ဧပြီ ၁၂၊ ၂၀၂၂။

မိုင်းမတော်တဆပေါက်ကွဲမှုဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ CDM ပညာရေးဝန်ထမ်းတဦးကို ပြီးခဲ့တဲ့ မတ်လ ၂၅ရက်က ပြည်မြို့ အကျဥ်းထောင်မှာ အကြမ်းဖက်ပုဒ်မ အပါအဝင်တခြားပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ်၄၀ ချမှတ်လိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ၉လပိုင်း ၆ရက် ညနေ ၆နာရီဝန်းကျင်လောက်က သဲကုန်းမြို့နယ် ဆင်တဲကုန်းရွာမှာ မိုင်းမတော်တဆပေါက်ကွဲခဲ့လို့ ပွဲချင်းပြီး တဦးသေဆုံးပြီး တဦးက စစ်ကြောရေးမှာ ဆေးကုမပေးပဲ သေဆုံးသွားသလို ဒဏ်ရာအနည်းငယ်ပဲ ရရှိခဲ့တဲ့ လက်ရှိထောင်ချခံလိုက်ရသူကိုတော့ စစ်ကောင်စီက ဖမ်းခေါ်သွားခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ခဲ့တဲ့ နေရာမှာပဲ သေဆုံးသွားသူ ကိုရန်ကျော်က အသက် ၂၃နှစ်အရွယ်ဖြစ်ပြီး စစ်ကြောရေးကို ခေါ်သွားပြီးမှ ဆေးကုသမှုမခံရပဲ သေဆုံးသွားသူကတော့ ကိုအုန်းဟန် အသက် ၃၆ နှစ်တို့ဖြစ်ပါတယ်။

” စစ်ကြောရေးမှာ ဆေးကုမယ်ဆိုပြီးခေါ်သွားတာ ကိုအုန်းဟန်ကို ၊ ‌ရေဆာလို့ တောင်းသောက်တာ ပရဟိတအဖွဲ့တွေက ပေးမလို့ကို သေနတ်တွေနဲ့ ချိန်ပြီး မပေးခိုင်းဘူး၊ ဒဏ်ရာကပြင်းထန်တဲ့အပြင် ဆေးကုမပေးပဲ စကစရဲ့ စစ်ဆေးမှုပြင်းထန်တဲ့ ဒဏ်ကြောင့် သေသွားတာပါ” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကိုအုန်းဟန်က ပေါက်ကွဲမှုဖြစ်ပြီး နောက်တရက် D day ခေါ်တဲ့ရက်မှာ သေဆုံးသွားခဲ့ပါတယ်၊ ဖမ်းဆီးခံလိုက်ရတဲ့ CDM ပညာရေးဝန်ထမ်း ကိုဇင်လင်းထက်ကတော့ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ လက်ကျိုးထားပြီး စတီးရိုးထည့်ထားရတယ်လို့ သိရပါတယ်။

” ဒဏ်ရာပဲ ရပေမယ့် စကစရဲ့ စစ်ကြောရေးမှာဖိနှိပ်မှုဒဏ်ကြောင့် ညာဘက်လက်မှာ စတီးရိုးထည့်ထား‌ပေမယ့် လက်က ကောက်နေတုန်းပဲ၊ လက်ရှိကျန်းမာရေးက ကောင်းပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ရက်မှာတော့ မိသားစုဝင်တွေ မသိရပဲ ပြည်ထောင်မှာ အကြမ်းဖက်ပုဒ်အပါအဝင် ပုဒ်မလေးခုနဲ့ ထောင်ဒဏ်နှစ် ၄၀ ကျခံနေရတယ်လို့ ပြောပါတယ်။

” ထောက်ပို့ပုဒ်မ၊ ဖောက်ခွဲရေးပုဒ်မ၊ လက်နက်အက်ဥပဒေ၊ အကြမ်းဖက်ဆက်သွယ်ရေးပုဒ်မ စုစုပေါင်း ထောင်ဒဏ် နှစ်၄၀ ချလိုက်တာပါ၊ အဓိကက နှစ်၄၀ ချတဲ့ သတင်းကို စကစက အမှောင်ချထားတာ” လို့ ပြောပါတယ်။

ပွဲချင်းပြီး သေဆုံးသွားသူ ကိုရန်ကျော်ဟာ သဲကုန်းမြို့နယ်က တတိယနှစ်ကျောင်းသားတဦးဖြစ်ပြီး စစ်ကြောရေးမှာ သေဆုံးသွားသူ ကိုအုန်းဟန်ပိုင်တဲ့ ကြက်ခြံကိုတော့ စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပြီး လက်ရှိမှာတော့ လုပ်ငန်းရှင်တဦးကို ရောင်းလိုက်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။