myaelatt athan

Sharing Information to the Local

ပြည်ခရိုင်တွင် အကြမ်းဖက်ဥပဒေနှင့် ၅၀၅(က)တို့ ဖြင့်ဖမ်းဆီးတရားစွဲထားသူ ၁၂၅ ဦးရှိပြီး အပြင်းထန်နှိပ်စက်ခံထားရ

0
0

ပဲခူး၊ ဧပြီ ၆၊ ၂၀၂၂။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် အကြမ်းဖက်ဥပဒေပုဒ်မများနှင့် ၅၀၅(က)တို့ဖြင့်ပါ ဖမ်းဆီးတရားစွဲခံထားရသူ ၁၂၅ ဦးရှိနေပြီး အပြင်းထန်ညှင်းပမ်းနှိပ်စက် ခံထားရသူများသာဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူများ ထံကသိရသည်။

ပြည်ခရိုင် ၆ မြို့နယ်တွင်နိုင်ငံရေးအကျဉ်းသားအဖြစ် အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၉ ဦး ဖမ်းဆီးခံထားရပြီး ပြည်မြို့နယ်မှာ ဖမ်းဆီးခံရသူများပြားကာ အခြားမြို့နယ်များတွင်လည်း ရှိနေပြီး ယခုနောက်ပိုင်း နိုင်ငံရေးဖြင့်ဖမ်းဆီးခံရသူတိုင်းနီးပါးကို အကြမ်းဖက်ဥပဒေများဖြင့်သာ အမှုဖွင့်တရားစွဲဆို နေခြင်းဖြစ်ပြီး ပြစ်မှုနှင့်ပြစ်ဒဏ်များပြားသည့်အတွက် ခရိုင်တရားရုံးကသာ တိုက်ရိုက်ကိုင်တွယ်သည့်အမှုများသည်လို့ ဆိုကြသည်။

“အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပတ်သက်တာတွေပဲများနေတယ်။ ဆွဲသမျှအဲဒါနဲ့ပဲစွဲနေတာများတယ်။ တချို့ပုဒ်မတွေကြတော့ နှစ်နဲတော့မြို့နယ်ကကိုင်တာတွေလဲရှိတယ်။ တချို့ကတိုက်ပွဲမှာမိလာတာ။ တချို့က ထောက်ပံ့၊ ဖုန်းပေါ်မှာလှုတာတွေလည်းပါတယ်။” ဟု တရားရေးအသိုင်းအဝန်းမှ အမျိုးသားတဦးကပြောသည်။

ဖမ်းဆီးခံရသူများတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် ပြောက်ကျားတော်လှန်ရေးရဲဘော်များ အများဖြစ်ပြီး လူငယ်များပြားကာ မိန်းကလေးငယ်များလည်း ပါဝင်ပြီး စစ်ကြောရေးတွင် အပြင်းအထန်နှိပ်စက်ခံထားကြရသည်။

“ရိုက်နှက်တာကတော့ပြောမနေနဲ့တော့ ၅၀၅ လိုအမှုတောင်ရိုက်စစ်တာပဲ အကြမ်းဖက်ဆိုတော့ ဗျင်းတာပေါ့ဗျာ။ မိန်းကလေးတောင်မလွတ်ဘူး။ တရက်ထက်တရက်လည်း ဖမ်းဆီးတာကတအားဖြစ်နေတာ တရားရုံးတွေမှာနိုင်တောင်မနိုင်ဘူး တချို့အမှုတွေဆို ရုံးတင်ထားတယ် မစစ်နိုင်လို့ ပြန်ပြန်ချိန်းနေရတယ် ရဲစခန်းတွေမှာကလည်း အမှုဖွင့်ထားတာကော ဖမ်းထားရော များတော့ ကင်းပတ်ရတာ၊ လုံခြုံရေးယူရတာ၊ တခြားအမှုအခင်းဖြစ်လို့ သွားရတာ။ အထက်ကအရေးပေါ်ဆိုပြီး ခိုင်းတာတွေ တရားရုံးတွေကအမှုတွေမှာ တရားလိုလုပ်တာ သက်သေထွက်ဆိုရတာနဲ့ မနိုင်တော့ဘူးမအားရဘူး” ဟု ပြည်ထဲရေးဌာနလက်အောက်ရှိ ဝန်ထမ်းအမျိုးသားတဦးကပြောသည်။

အဆိုပါလူစာရင်းမှာ လက်ရှိဖမ်းဆီးအမှုဖွင့်ခံထားရသူများသာ ဖြစ်ပြီး ယခင်အမိန့်ချဖမ်းဆီးအမှုဖွင့်ခံထားရသူများ မပါဝင်သေးကြောင်း တရားရုံးများတွင် အမှုတွဲများသာ တင်ထားပြီး မစစ်ဆေးနိုင်သေးသည့် အမှုရှိနေသေးကြောင်း ဆိုကြသည်။

တရားစွဲဆိုထားသည့်အမှုအများဆုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)၊ ပုဒ်မ- ၅၀(ဂ) ပုဒ်မ ၅၀ တွင် ထောင်ဒဏ် ၁၀ နှစ်မှ တသက်ထိချနိုင်ပြီး ပုဒ်မ ၅၁ တွင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ ငွေဒဏ်လည်းချနိုင်၊ ပုဒ်မ ၅၂ တွင် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ထိချနိုင်သလို ငွေဒဏ်လည်း ချနိုင်ကြောင်း ပြစ်မှုပြစ်ဒဏ်နည်းသောအမှုများကို မြို့နယ်အဆင့်မှာပင် ကိုင်တွယ် စစ်ဆေးမည်ဖြစ်ကြောင်း တရားရေးအသိုင်းအဝန်းကသိရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။