myaelatt athan

Sharing Information to the Local

ဒလန် Channel တခုကသတင်းပေးပြီးနောက် ရှစ်တန်းကျောင်းသူမိန်းကလေးအပါ ၂၀ ကျော်ဖမ်းဆီးခံရပြီး နေအိမ် ၅ လုံးချိတ်ပိတ်ခံရ

0
0

မြေလတ်အသံ၊‌ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂။

Naymin(အညတရစစ်သားအို) Telegram Join Channel ကမှတ်တမ်းဓါတ်ပုံများဖော်ပြသတင်းပေးတိုင်တန်းမှုကြောင့် မြိုင်မြို့ပေါ်ရပ်ကွက်များရှိ ရှစ်တန်းကျောင်းသူအပါအဝင်လူ ၂၀ ကျော်ဖမ်းဆီးခံရပြီး နေအိမ် ၅ လုံးကိုလည်း ချိတ်ပိတ်သွားကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ် အာဏာသိမ်းစက မှတ်တမ်းဓါတ်ပုံများကို ဒလန်များကိုဖော်ပြတိုင်တန်းခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြရာတွင်ပါဝင်သူများ၊ ထမင်းထုပ်ဝေငှခဲ့သူများ၊ NLD ပါတီနှင့်စပ်ဆက်သည်ဟု ဖော်ပြခံခဲ့ရသူများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“မြိုင်မြို့ပေါ်မှာ နေ့စဉ်ရက်ဆက် မတရားသဖြင့်နှိပ်စက်ဖမ်းဆီးနေတယ်။ ၁၂ ရက်နေ့က မြိုင်မြို့ပေါ် ကို နေပြည်တော်က အထူးတပ်ဖွဲ့ကဆိုပြီး စစ်ကောင်စီတပ်သား ၃၀ ခန့်လာတပ်စွဲပြီး ပုံထဲမှာပါတဲ့သူတွေကို အကုန်လိုက်ဖမ်းတာပဲ အာဏာသိမ်းကာစက Gz ဆိုပြီး ဂီတာတွေတီးနေကြတော့ CDM တွေထောက်ပံ့တယ်ဆိုပြီး ကောင်မလေးနှစ်ယောက် ဖမ်းတော့ကြတော့ အိမ်က အသက်မပြည့်သေးတဲ့ ၈ တန်းကျောင်းသူကိုပါ ခေါ်သွားတာ အဲတာ ၁၄ ရက်နေ့ညက နောက်တယောက်ကိုကြတော့ သူ့အကိုပါခေါ်သွားတာ သူတို့က တက္ကသိုလ်ကျောင်းသူတွေပါ။ တညထဲ ၄ ယောက်ပေါ့” ဟု မြိုင်မြို့ခံတဦးကပြောသည်။

ယင်းနေ့မတိုင်ခင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ဆန္ဒပြသူများကို ထမင်းထုပ်များဝေငှသူများနှင့် ထောက်ပံ့သူများ သပိတ်ခေါင်းဆောင်ကျောင်းဆရာနေအိမ် အပါအဝင် နေအိမ်နှင့်ဆိုင် ၅ လုံးကို ချိတ်ပိတ်ကာ ၎င်းတို့အထဲမှ ပိုင်ရှင်တဦးမှာ အဖမ်းခံရပြီး အခြားအလုပ်သမား ၄ ဦးခန့်ကိုလည်း ဖမ်းဆီးသွားကြောင်း မြို့ခံများထံကသိရသည်။

“တချို့ဖမ်းဆီးတဲ့အိမ်တွေက ပစ္စည်းတွေယူတယ်။ ချိတ်ပိတ်တဲ့အိမ်တွေက ပစ္စည်းတွေလည်းယူပါတယ်။ ဒီနေ့လည်းဆန္ဒပြတုန်းကပါတယ်ဆိုတဲ့လူတွေကိုဖမ်းတယ်။ မနေ့ကဆို တရက်တည်း ၁၂ ဦးဖမ်းတာ။ ဒလန်ချန်နယ်ကတင်သမျှအကုန်ဖမ်းတာ အခုလည်းဖမ်းခံရတဲ့သူတွေအိမ်တွေကို ထပ်ချိတ်ပိတ်မယ်လုပ်နေတယ် အတော်ကို ဒုက္ခပေးနေတာပါ” ဟု မြို့ခံတဦးကဖေဖော်ဝါရီလ ၁၆ ရက်နေ့နေ့လည်က ထပ်မံပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း NLD ပါတီလွှတ်တော်ကိုယ်စားလှယ်၏အမျိုးသမီး ညီမမိသားစုများနှင့်အခြားသူများကိုလည်း ဖမ်းဆီးသွားပြီး ယနေ့တွင်လည်း ထပ်မံဖမ်းဆီးနေကာ ယခင်ဖမ်းဆီးထားသည့်တက္ကသိုလ်ကျောင်းသူများကို ပခုက္ကူသို့ပို့ဆောင်ခဲ့ပြီး မိဘများဖြင့်တွေ့ခွင့်မပေးသေးကြောင်း မြို့ခံများထံကသိရသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။