myaelatt athan

Sharing Information to the Local

အာဏာသိမ်းကာလအတွင်း စစ်ရှောင်ဦးရေ ၇ သိန်းကျော်ထိ ရှိလာ

0
0

မြေလတ်အသံ၊ မတ် ၂၄၊ ၂၀၂၂။

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့အထိ နိုင်ငံတဝှမ်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၇၅၂,၅၈၉ ဦးကျော် ရှိလာပြီလို့ Institute for Strategy and Policy- Myanmar က မတ်လ ၂၃ ရက် မနေ့ကထုတ်ပြန်ထားပါတယ်။

EAOs တွေ၊ ဒေသခံကာကွယ်ရးတပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်တဲ့ဒေသတွေမှာ စစ်ရှောင်ဦးရေက ပိုများတာကြောင့် စစ်ကိုင်းတိုင်းအတွင်း ၂၀၂,၇၅၀ ဦးကျော်နဲ့ အများဆုံးရှိနေပြီး၊ ကရင်နီပြည်နယ်မှာတော့ ၁၉၇,၁၁၅ ဦးကျော်နဲ့ ဒုတိယအများဆုံးရှိနေလို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် ကရင်၊ ကရင်နီနဲ့ ချင်းပြည်နယ်တွေကို စစ်ကောင်စီက အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် အဲ့ဒီဒေသက ပြည်သူအများစုဟာ နေရပ်စွန့်ခွာပြီး တောတွင်းစစ်ရှောင်စခန်းတွေဆီမှာ အခက်အခဲမျိုးစုံနဲ့ နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် အစားအစာ၊ အဝတ်အထည်နဲ့ ဆေးဝါပစ္စည်းတွေကို အဓိကလိုအပ်နေပြီး၊ သက်ကြီးပိုင်းနဲ့ ကလေးငယ်တွေအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေပါတယ်။

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသ၊ သောင်းရင်းမြစ်ဘေးက စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တဦးကတော့ “ ခုရက်ပိုင်း တိုက်ပွဲလေးတွေဖြစ်နေတဲ့အတွက် ဒေသခံတွေလည်ထပ်ပြေးလာကြတယ်၊ မိုးကလည်း ရွာလာတော့ လက်တလောလိုအပ်နေတာက မိုးကာလိုတယ်၊ အိမ်တွေဆောက်တဲ့အခါမှာလည်း ဖက်လိုအပ်တယ်၊ နဂိုစပြီးဖြစ်တုန်းကတော့ ဖက်ကိုလှူကြပေမယ့် ခုနောက်ပိုင်းတော့ နည်းသွားတာပေါ့၊ ခုလောလောဆယ်ကတော့ ဖတ်ရယ်၊ ဝါးရယ်လိုအပ်တယ်၊ “ လို့ ပြောပါတယ်။

အိမ်ထောင်စု ၂၅၀ ကျော်နဲ့ စစ်ရှောင်ဦးရေ ၁၀၀၀ ကျော်ရှီတဲ့ အဲ့ဒီစစ်ရှောင်စခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေပြီး၊ ကလေးငယ်တွေအတွက်လည်း ကျောင်းသုံးပစ္စည်နဲ့ ဗလာစာအုပ်တွေလိုအပ်နေပါတယ်။

“ ကလေးတွေအတွက်ကျတော့ ကျောင်းပြန်တက်ဖို့ ဆရာတွေဝိုင်းကူညီပေးကြတာတွေရှိတယ်၊ ဗလာစာအုပ်တို့၊ ကျောင်းသုံးပစ္စည်းတွေလိုအပ်တယ်ပေါ့၊ ခုံတွေလည်းမရှိကြပါဘူး၊ ဒီလိုပဲနေကြတာပဲ၊ တာလပတ်ခင်းပြီး စာသင်နေကြတာ အဲ့လိုတော့တွေ့ရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပက်သက်ပြီးတော့ အဲ့ဒီမှာလိုအပ်တဲ့ဆရာမတွေတော့ရှိတယ်၊ တကယ့်အရေးကြီးတဲ့ကိစ္စတွေကျတော့ သူတို့မလုပ်နိုင်ဘူး၊ ရိုရိုးဖျားနာ၊ ကိုက်ခဲတာလောက်တော့ သူတို့လုပ်နိုင်ပါတယ်၊ အခက်အခက်ပြဿနာတွေကတော့ ရှိနေတုန်းပါပဲ၊” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးကက ဆက်ပြောပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်အတွင်းက စစ်ရှောင်စခန်းအချို့မှာလည်း ရေအခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ အဲ့ဒီဒေသခံစစ်ရှောင်တဦးက ပြောပါတယ်။

“ ရေပေါတာက မြို့ပေါ်တွေမှာပဲ ပေါတာ၊ စစ်ပြေးတာက တောရွာတွေမှာဆိုတော့ ရေရှားတယ်၊ တိုက်ပွဲမဖြစ်တဲ့အချိန်မှာတောင် ရေကိုချွေတာပြီးသုံးနေရတာ၊ ခုချိန်မှာ စစ်ရှောင်တွေလည်း ထပ်လာနေတယ်ဆိုတော့ ရေအခက်အခဲရှိနေတယ်၊ ရေအတွက် အဝေးကို သွားခပ်ဖို့ဆိုရင်လည်း ဆီစျေးကအရင်ကထက် ၂ ဆလောက်မြင့်တက်နေတယ်၊ သွားခပ်ဖို့ကြတော့လည်း အဆင်မပြေဖြစ်ကြတယ်၊ “ လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ဦးကျော် ရှိနေတာကြောင့် လက်ရှိပမာဏနဲ့ပေါင်းမယ်ဆိုရင် နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ စစ်ရှောင်ဦးရေ ၁,၂၄၉,၇၈၉ ဦးကျော် ရှိနေပြီး၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၁၀၀,၂၀၀ ဦးကျော် ရှိနေတယ်လို့ Institute for Strategy and Policy- Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။