စစ်ကိုင်း၊ မတ် ၂၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မတ်လ ၂၅ ရက်မနေ့က CDM လှုပ်ရှားမှုပါဝင်တဲ့အလယ်တန်းပြ ကျောင်းဆရာမတဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောင်သစ္စာရပ်ကွက် အမှတ် ၂ အလယ်တန်းကျောင်းခွဲ မှာ တာ ဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် အလယ်တန်းပြဆရာမ ဒေါ်အေးမွန်ဖြစ်ပြီး၊ မနေ့က ညနေ ၅ နာရီလောက်မှာ အဲ့ဒီကျောင်းအနီးက သူနေတဲ့နေရာမှာပဲ အဖမ်းခံလိုက်ရတာလို့ ဒေသခံတဦးက ပြောပါတယ်။
“မနေ့ကညနေ ၅ နာရီလောက်က ဖမ်းသွားတာ၊ သတင်းပေး အတိအကျရှိလို့ ဖြစ်မယ်၊ အင်အားက ကား ၄ စီးနဲ့လာတာ၊ အမျိုးသမီးတွေရောပါတယ်” လို့ သူကပြောပါတယ်။
ဆရာမ ဒေါ်အေးမွန်ဟာ အခြားဒေသကနေ တာဝန်အရ အောင်သစ္စာရပ်ကွက်အမှတ် ၂ အလယ်တန်းကျောင်းခွဲအနီးက အဆောင်မှာ အာဏာမသိမ်းခင်ကတည်းက နေထိုင်နေတာလို့ သိရပြီး၊ သူ့ကို စစ်ကောင်စီက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ ( ကလေး) ကို ဖမ်းဆီး ခေါ်ဆောင်သွား တယ်လို့လည်း ဒေသခံတဦးက ဆက်ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး လက်ရှိအချိန်ထိ ကလေးမြို့အတွင်းက စစ်ကောင်စီရဲ့ဖမ်းဆီးခံထားရသူ ၄၀၀ ကျော်ရှိတယ်လို့လည်း ကလေးမြို့ပင်မသပိတ်အင်အားစု တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။