myaelatt athan

Sharing Information to the Local

မတ်ပဲစိုက်တောင်သူတွေ စိုက်ပျိုးရေးသုံးဆေး စျေးတက်မှုကို ရင်ဆိုင်နေရ

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၁။

စိုက်ပျိုးရေးသုံး ဆေးမျိုးစုံစျေးဟာ အရင်နှစ်တွေကထက် ခေါက်ချိုးစျေးတက်နေတာကိုမတ်ပဲစိုက်တောင်သူတွေ ရင်ဆိုင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆေးပုလင်းတသောင်းတန်က အခုနှစ်တသောင်းရှစ်ထောင်ဖြစ်ပြီး၊ အများစုက ၅၀ ရာခိုင်နူန်းလောက် တက်တယ်လို့ သိရပါတယ်။

“အရင်နှစ်ကထက် ၅၀ ရာခိုင်နူန်းလောက် ခေါက်ချိုးတက်တယ်ပေါ့။ အရင်က တသောင်းတန်က တသောင်းရှစ်ထောင် ဖြစ်သွားတာမျိုးရှိသလို တချို့ကြတော့လည်း ကိုးထောင်တန်က တသောင်းသုံးထောင်လောက် ဖြစ်သွားတာမျိုးလည်းရှိတယ်။ အများစုကတော့ ခေါက်ချိုးတက်တာပေါ့” လို့ စိုက်ပျိုးရေးဆေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

မတ်ပဲပင်တွေကို ဖျက်ပိုးမျိုးစုံနဲ့ ရောဂါမျိုးစုံ ကျရောက်တတ်တာကြောင့် အပင်သက်တမ်းတလျောက် ဆေးမျိုးစုံသုံးစွဲရကြောင်း သိရပါတယ်။

“မတ်ပဲပင်တွေကို အပင်သက် ၁၅ ရက်သားအရွယ်လောက်ကတည်းက ပိုးသတ်ဆေး၊ အပင်အားကောင်းဆေးတွေစပြီး သုံးစွဲရတယ်။ မှိုကျရောက်တို့ ရောဂါဝင်ရောက်တာတွေကလည်းရှိသေးတယ်။ သီးတောင့်မြင်ရပြီဆိုရင် သီးနှံဖျက်ပိုး ဝင်ရောက်တာတွေလည်းရှိတော့ ဆေးမျိုးစုံကို အပင်သက်တမ်းတလျောက် မသုံးလို့ကိုမရဘူး” လို့ အငြိမ်းစားစိုက်ပျိုးရေးဝန်ထမ်းတဦးက ပြောပါတယ်။

စျေးနူန်းမြင့်တက်မူကြောင့် ဆေးလျော့သုံးမယ့်လူတွေလည်းရှိနေပြီး ထွက်နှုန်းထိခိုက်မှာကိုလည်း စိုးရမ်နေကြပါတယ်။

“စျေးတက်တော့ ဆေးလျော့သုံးရမယ့် အနေအထား မျိုးဖြစ်နေတယ်။ ဒါပေမယ့် ထွက်နူန်းထိခိုက်မှာလည်း စိုးရိမ်တယ်။ ပဲစျေးမကောင်းရင်တောင် ထွက်နူန်းကောင်းရင် ​ခံသာတယ်” လို့မတ်ပဲစိုက်တောင်သူတွေက ပြောကြပါတယ်။

တဧကကို မတ်ပဲတင်း ၂၀ ဝန်းကျင်ထွက်ရှိတဲ့ စိုက်ခင်းတွေမှာ တဧကအတွက် အရင်နှစ်ကဆေးဖိုးကုန်ကျမူဟာ ပျမ်းမျှကျပ် ၂ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

မတ်ပဲစိုက်ပျိုးရေးဆေး စျေးနူန်းမြင့်တက်နေချိန်မှာပဲ မြန်မာနိုင်ငံကနေ အန္ဒိယနိုင်ငံကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ၅ နှစ်ဆက်တိုက် မတ်ပဲတန်ချိန် ၂. ၅ သိန်းကို ပုဂ္ဂလိကကုန်သွယ်မှုကတဆင့် တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။