myaelatt athan

Sharing Information to the Local

နွားထိုးကြီးမှာ စစ်တပ်ကရွာကိုမီးရှို့ချိန် သက်ကြီးရွယ်အို ၅ ဦး မီးထဲပါသေဆုံး

0
0

မန္တလေး၊ ဇူလိုင် ၁၁၊ ၂၀၂၄။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာမှာရှိတဲ့ သက်ကြီးရွယ်အို ၅ ဦး မီးထဲပါ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၉ ရက်ညနေမှာ ကျေးရွာအနီးကို စစ်ကောင်စီတပ်သား ၁၀၀ ပါစစ်ကြောင်းက ရောက်နေခဲ့ပြီး နောက်တနေ့ ဇူလိုင် ၁၀ ရက် မနက် ၄ နာရီခွဲလောက်မှာ ကျေးရွာတွေထဲကိုဝင်ပြီး အိမ်တွေကိုမီးတင်ရှို့ခဲ့တာလို့ ဆိုပါတယ်။

“သက်ကြီးရွယ်အို ၅ ယောက်ပါသွားတယ်။ လေဖြတ်နေတာ ၂ ယောက်ပါသွားတယ်။ တခြား ၃ ယောက်ကလည်း မပြေးနိုင်မလွှားနိုင် အသက်ကြီးပိုင်းတွေ။ စစ်ကြောင်းက နောက်တကြောင်း ပြန်ထုတ်နေတာ တွေ့လို့ ကျနော်တို့လည်း ကြောက်လို့ ပြေးလွှားနေရတယ်” လို့ လက်ဝဲမြင်းနီကျေးရွာနဲ့ ၂ မိုင်ခွဲအကွာရှိ လက်သမားကန်ရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက မီးရှို့လို့ စုစုပေါင်း အိမ်ခြေ ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အသက် ၈၀ ကျော်အရွယ် အဖိုးအို ၂ ဦး၊ အဖွားအို ၂ ဦးနဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသား ၁ ဦး မီးထဲပါသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့မှာပဲ နောက်ထပ်စစ်ကြောင်းတကြောင်းက မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့ နယ်စပ်ရွာတွေဖြစ်တဲ့ တံစိုး၊ မလည်၊ ကူရွာ၊ ကွမ်းစိုက်၊ ချေဆေး၊ လက်သမားကန်၊ ချင်းယား စတဲ့ရွာတွေကို ဝင်ကာ ဆိုင်ကယ်၊ ရွှေငွေနဲ့ တန်ဖိုးကြီး ပစ္စည်းအကုန် ဖောက်ထွင်းယူသွားတယ်လို့ ဆိုပါတယ်။

“(စစ်သားတွေက) သော့တွေရိုက်ချိုးပြီးတော့ အိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေယူတယ်။ စျေးဆိုင်ဖွင့်ထားတဲ့အိမ်ဆို ဖုန်းကဒ်တွေ၊ ကုန်ခြောက်တွေ ယူတယ်။ ကြက်ဥတွေကျ ရိုက်ခွဲခဲ့တယ်။ ဆိုင်ကယ်တွေကတော့ တော်တော်များများ ပါသွားတယ်။”လို့ မြင်းခြံဒေသခံတဦးက ပြောပါတယ်

အခုလက်ရှိ စစ်ကောင်စီစစ်ကြောင်းတွေက မလည်၊ တံစိုး၊ ကျောက်တန်း၊ ကန်ဆင့်(မြောက်ရွာ)၊ ကွမ်းစိုက် စတဲ့ကျေးရွာ တဝိုက်တွေမှာ လှည့်ပတ်သွားလာနေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူတွေ စစ်ရှောင်နေရတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း လက်ဝဲမြင်းနီရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ပြည်သူတဦး ကျည်ရှပ်ထိမှန် ဒဏ်ရာရခဲ့ပြီး လက်ဝဲရွာက နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။