myaelatt athan

Sharing Information to the Local

တပ်အပြောင်းအရွှေ့လုပ်ဖို့ထွက်လာတဲ့ စစ်သားတွေ တိုက်ခိုက်ခံရလို့ ၅ ဦးသေပြီး သေနတ် ၂ လက်ရ

0
0

မကွေး၊ ဇူလိုင် ၁၁၊ ၂၀၂၄။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး-အမ်း လမ်းမပေါ်က မှိန်းစိမ်းလမ်းခွဲမှာ တပ်အပြောင်းအရွှေ့လုပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ချုံခိုတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ သေနတ် ၂ လက် ရခဲ့တယ်လို့ Chin Defence Force-Asho အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၉ ရက် မနက် ၉ နာရီကျော်မှာ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်းကနေ တုံးကြီး ပိုက်လိုင်းစောင့်တပ်စခန်းကို တပ်ချိန်းဖို့လာတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးကို တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်တဲ့နေရာက နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်နဲ့ မီတာ ၆၀၀၀ ဝန်းကျင်ကွာဝေးပြီး တိုက်ခိုက်နေစဥ်အတွင်း ပဒါန်းကနေ မကွေးနဲ့ ရခိုင်နယ်စပ်ကဂိတ်တခုကို တပ်သားသစ်သွားပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီကားတန်းနဲ့တွေ့ကာ ကားပေါ်ပါလာတဲ့စစ်သားတွေနဲ့ပါ ထပ်မံပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“၅ မီတာကနေ ၁၀ မီတာအတွင်းတွေပဲ ပစ်ခတ်နေရတာဖြစ်တဲ့အတွက် အရာရှိကားရဲ့ နောက်ခြမ်းကနေပစ်နေတဲ့ စကစ ၂ ဦးကိုလည်း ပစ်ခတ်နိုင်ခဲ့တယ်။ ၅ ဦးသေဆုံးတာကတော့ မျက်မြင်ပဲ။ ကားရဲ့ဘေးမှာ လဲနေတဲ့ စကစရဲ့ အလောင်းတွေရှိတယ်။ သေနတ်သွားယူတဲ့ ရဲဘော်တွေဘက်ခြမ်းမှာလည်း စကစတွေ သေဆုံးနေတာ ရှိတယ်။”လို့ Chin Defence Force-Asho တာဝန်ခံ ဆလိုင်းရိုးချင်းက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦး ပွဲချင်းပြီးသေဆုံးကာ MA ၁ လက်၊ ဘီအေ ၆၃ G 3 ၁လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည်ဆန်တချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကားပေါ်မှာပါသွားတဲ့ ဒဏ်ရာရ တပ်သားတွေကို ငဖဲမြို့၊ ပဒါန်းကျေးရွာဘက်ကို ခေါ်ဆောင်သွားကြောင်း သတင်းကြားရတယ်လို့ ဆလိုင်းရိုးချင်းက ပြောပါတယ်။

ဒါ့အပြင် ပဒါန်းအခြေစိုက် အမှတ် ၃၇၅ အမြောက်တပ်ရင်းအနီးက ကျေးရွာတွေမှာလည်း ဇူလိုင် ၁၀ ရက်က အရာရှိတဦး သေဆုံးသွားတဲ့အတွက်ဆိုပြီး စစ်ကြောင်းထိုးတာတွေ၊ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Chin Defence Force-Asho နဲ့ ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်း – APDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်ကလည်း ငဖဲမြို့နယ်၊ မန်းချောင်းဆည်အနီးက ကျောင်းကုန်းရွာဟောင်း ဂိတ်ကင်းစခန်းရှိ ကပစ ၁၄ က စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။