ပန်းတောင်းနယ်မှာ စစ်တပ်က လိုင်းကြေးယူပြီး ကျွန်းနဲ့သစ်မာတွေ ခိုးထုတ်ခွင့်ပြုထား

0 6
0 6

ပဲခူး၊ ဇူလိုင် ၁၂၊ ၂၀၂၄။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ထဲက သရဲတန်းကျေးရွာရဲ့ အနောက်ဘက် မိုင် ၄၀ ခန့်မှာရှိတဲ့ ဒေသအခေါ် မသုန်တောင်ပေါ်ကနေ ကျွန်းနဲ့ ပျဥ်းကတိုးအပါအဝင်သစ်မာတွေကို သစ်မှောင်ခိုသမားတွေက ခိုးထုတ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျွန်းနဲ့သစ်မာတွေကို ရေလမ်း၊ကုန်းလမ်းနဲ့ခိုးထုတ်နေပြီး အဲ့ဒီလိုသစ်ခိုးထုတ်တာကို ဒေသအခြေစိုက် စစ်တပ်၊ရဲနဲ့ဌာနဆိုင်ရာ တွေက ငွေကျပ်သိန်းချီလိုင်းကြေးယူကာ ခိုးထုတ်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

” ခုလိုမိုးအခါမှာတော့ သရဲတန်းချောင်းဖျားကနေ သစ်ဖောင်နဲ့ ခိုးထုတ်တယ်။ နွေဆိုရင်တော့ ကားတွေ တက်လို့ရတယ်။ ဖောကားပေါ့၊ အဲဒါမျိုး ထုတ်နေကြတာ။ ပထမတုန်းက ခုလောက်များများ မထုတ်ရဲဘူးလေ။ အဖမ်းအစီးကရှိတယ်။ ခုက စစ်တပ်နဲ့ ရဲ၊ သစ်တော ပေးရနေတော့ ပေါ်ပေါ်တင်တင်ပဲလုပ်နေကြတာ” လို့ သရဲတန်းဒေသခံတဦးက မြေလတ်အသံ ကို ပြောပါတယ်။

သရဲတန်းချောင်းဟာ ဧရာဝတီမြစ်ထဲကိုစီးဝင်တဲ့အတွက် တောင်ပေါ်က ခိုးထုတ်လာတဲ့သစ်တွေကို ဧရာဝတီမြစ်ဝမှာ ရေမြှုပ်ဝှက်ထားကြသလို တချို့ကလည်း မြစ်ကြောင်းအတိုင်း ဖောင်ဖွဲ့ပြီး ဧရာဝတီတိုင်းအတွင်းကို သယ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

တချို့ကလည်း ပုသိမ်-မုံရွာကားလမ်းကို အသုံးပြုပြီး ကားမျိုးစုံနဲ့သယ်ယူတာ အခြားဒေသတွေမှာ ပြန်လည် ရောင်းချကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မသုန်တောင်ခြေကနေ သစ်တွေဝှက်တဲ့မြစ်ဝအထိဆိုရင် ကျွန်း ၅တန်ပါ သစ်ဖောင်တစီးကို စစ်တပ်၊ ရဲ၊ သစ်တော၊ အုပ်ချုပ်ရေးမှူးစတဲ့အဖွဲ့ပေါင်းစုံအတွက် ကျပ် ၅ သိန်းနီးပါးပေးရတယ်လို့ သရဲတန်းကျေးရွာဒေသခံတဦးက ပြောပါတယ်။

ပန်းတောင်းမြို့နယ်ထဲက မသုန်တောင်ဟာ ရခိုင်ရိုးမနဲ့လည်း ဆက်စပ်ပြီး အဲ့ဒီမြေဧရိယာဟာ ကပစ ၁၆ စစ်တပ်ပိုင်အဖြစ် သိမ်းယူခံထားရတဲ့ မြေဧရိယာအများဆုံးနေရာတခုလည်းဖြစ်ပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။