myaelatt athan

Sharing Information to the Local

ကသာနယ်က ရေဘေးသင့်တဲ့ ရွာ ၉ ရွာ အကူအညီလိုအပ်နေ

စစ်ကိုင်း၊ ဇူလိုင် ၁၂၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ ရွာလုံးကျွတ်ရေနစ်မြုပ်နေတဲ့ ကျေးရွာ ၉ ရွာကပြည်သူတွေ အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါကျေးရွာ ၉ ရွာက ဒေသခံ ၁ သောင်းခန့်ဟာ ၁၀ ရက်ကျော်ကြာ ရေဘေးသင့်နေတာကြောင့် စားနပ်ရိက္ခာနဲ့ဆေးဝါးပစ္စည်းတွေ အကူအညီလိုအပ်နေတာလို့ ဆိုပါတယ်။

“ရေက လူအရပ်မြုပ်တယ်ဗျ။ အိမ်တွေကတော့ နိမ့်တဲ့အိမ်တွေဆိုမြုပ်တယ်။ ဝါးကလေးတွေနဲ့ ဆောက်ထားတဲ့အိမ်တွေဆို ရေထဲမျှောပါသွားတယ်။ လူတွေကသွားလာလို့မရတော့ စားစရာတွေပြတ်နေကြပြီ” လို့ ညောင်ခြေထောက်ကျေး ရွာမှ အမျိုးသားတဦးကပြောပါတယ်။

ရေဘေးဒဏ်ခံစားနေရတဲ့ ကျေးရွာတွေကတော့ ညောင်ခြေထောက်၊ သံပုရာ၊ ကျောက်ပုံ၊ ကလုံ၊ သုံးဆယ်ပေး၊ ကျော်ပင်၊ သံပုရာကျွန်း၊ ဆယ်ကြီး၊ ဒေါင့်ကြီး စတဲ့ ကျေးရွာတွေဖြစ်ပြီး ကျေး ရွာတွေထဲကို ရေ ၈ ပေခန့် ဝင်ရောက်နစ်မြုပ်နေပြီး စိုက်ပျိုးထားတဲ့ စပါးခင်းတွေလည်း ရေနစ်မြုပ်ပျက်စီးနိုင်မယ့် အခြေအနေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရေမကြီးခင်အချိန်က ထွန်ယက်စိုက်ပျိုးပြီးထားတဲ့ စပါးခင်းတွေအကုန်လုံးလည်း အခုရေမြုပ်နေပြီ။ ရေပြန်ကျရင်တော့ အကုန်လုံးပျက်စီသွားမယ့် အခြေအနေရှိတယ်။ ပျက်စီးသွားရင်တော့ ကုန်ပါပြီ”လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

အထက်ပါကျေးရွာတွေက ဒေသခံအများစုမှာ တောင်သူလယ်သမားတွေဖြစ်ကြပြီး စပါးစိုက်ပျိုးရေးနဲ့ အသက်မွေးနေကြရသူတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဧရာဝတီမြစ်ရေဟာ ကသာမြို့ပေါ်နဲ့ ကျေးရွာတွေဆီကို ဇူလိုင်လ ၃ ရက်မှာ စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး လက်ရှိဇူလိုင်လ ၁၂ ရက်အထိ ရေပြန်မကျသေးပဲ ဆက်လက်တိုးမြင့်လာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ စတဲ့မြို့တွေမှာ ၆ ပေမှ ၁၀ ပေခန့်၊ ချင်းတွင်းမြစ်ရေဆိုရင်လည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီး၊ မြင်းမူစတဲ့မြို့တွေမှာ ၈ ပေမှ ၁၃ ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်မှာ မိုးဇလက ထုတ်ပြန်ခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။