မုံရွာ၊ မေ ၂၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာမှာ လက်နက်ကြီးကျလို့ ရွာခံ ၂ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်နယ် ၃ တာဝန်ခံဆီက သိရပါတယ်။
မေ ၂၂ ရက်ည ၇ နာရီခန့်မှာ မုံရွာမြို့အဝင် မအူဂိတ်ကနေပစ်ခတ်တဲ့ လက်နက်ကြီးဟာ ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ဒေသခံတွေထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။



“နဂါးတွင်းရွာထဲကို ၆ လုံးကျတယ်။ ရွာတည့်တည့်ဘဲ ရွာလယ်နဲ့ရွာအရှေ့ဘက်ကျတယ်။ ၁၂၀ မမ ချည်းပဲ။ သူတို့ထုတဲ့အချိန်ရှောင်ကြသေးတယ်။ မလွတ်ကြတာ။ အိမ်တိုင်းကလည်း ဗုံးခိုကျင်းမရှိတော့ လက်နက်ကြီးပေါက်ကွဲအားလည်းပြင်းလို့ ထိခိုက်များသွားတာ”လို့ မုံရွာမြို့နယ်ပကဖ တိုက်နယ် ၃ တာဝန်ခံ ကိုမီးပွားကပြောပါတယ်။
လက်နက်ကြီးထိမှန်လို့ အသက် ၅၃ နှစ်အရွယ် ဒေါ်စန်းဘို၊ ၄၅ နှစ်အရွယ် ကိုစိုးတို့ နေရာတင် သေဆုံးသွားပြီး အသက် ၁၄ နှစ်ကနေ ၅၀ ကြား အမျိုးသား ၇ ဦး၊ အသက် ၃၀ ကနေ ၆၀ ကြား အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာသွားတယ်လို့ ဆိုပါတယ်။


ထိခိုက်ဒဏ်ရာရသူတွေထဲက ၅ ဦးက စိုးရိမ်ရအခြေအနေမှာရှိနေလို့ နီးစပ်ရာမှာ ဆေးကုသနေရကာ လက်နက်ကြီးကျလို့ နေအိမ် ၁၀ လုံးပျက်စီးပြီး နွား ၂ ကောင်လည်းသေဆုံးသွားတယ်လို့ သိရပါတယ်။
နဂါးတွင်းကျေးရွာဟာ အိမ်ခြေ ၁,၀၀၀ ကျော် လူဦးရေ ၅,၀၀၀ ဝန်းကျင်ရှိတဲ့ကျေးရွာဖြစ်ပြီး လက်နက်ကြီးကျတဲ့အတွက် ဒေသခံတွေလည်းတိမ်းရှောင်ခဲ့ရကာ ဒီမနက်ပိုင်းမှာတော့ ရွာထဲကို ပြန်လည်ဝင်ရောက်နေပြီလို့ ကိုမီးပွားကပြောပါတယ်။


စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကာလအတွင်း နဂါးတွင်းရွာကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ မအူစစ်ကောင်စီဂိတ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ အကြိမ်ရေ ၅၀ ကျော်ရှိထားပြီး ရွာခံ ၅ ဦးလည်းသေဆုံးထားတယ်လို့ မုံရွာမြို့နယ်ပကဖ တိုက်နယ် ၃ တာဝန်ခံ ဆီကသိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ စတုတ္ထအပတ်အတွင်းက နဂါးတွင်းကျေးရွာကို မအူဂိတ်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ကျေးရွာအနီးကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
စာတည်း – လင်း