မင်းလှ၊ မေ ၂၂၊ ၂၀၂၅။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်က စစ်ကောင်စီတပ်သတင်းပေး ၁ ဦး မေ ၂၂ ရက် ဒီမနက် ၇ နာရီမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ပါတယ်။
သေဆုံးသူဟာ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့်ရပ်ကွက်နေ အသက် ၅၀ အရွယ် ကိုစန်းဌေးဖြစ်ပြီး သူ့ကို မေ ၁၉ ရက်ညနေ ၅ နာရီကျော်က စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးရှိ ပျဥ်းကတိုးခင်းရွာအနီးမှာ ကျည် ၉၂ တောင့်၊ မိုလ်ဘိုင်းဖုန်း ၁လုံး၊ ဆိုင်ကယ် ၁ စီးနဲ့အတူဖမ်းဆီးခဲ့တာပါ။
အဲ့ဒီနောက် ကာာကွယ်ရေတပ်တွေက ဖမ်းဆီးချုပ်နှောင်ထားကာ ဒီမနက်ပိုင်းမှာ ကင်းတာဝန်ကျတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းဖို့အချုပ်ထဲမှခေါ်ထုတ်ချိန် တပ်ဖွဲ့ဝင်တွေကို ခုခံထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရိုးမမြေက ဆိုပါတယ်။

“သူ့(စန်းဌေး)ကို ကြိုးချည်ထားတာမရှိတော့ အထဲကနေ အပြင်ကိုခေါ်ရော။ ရဲဘော်တွေကို တွန်းပြီး ထွက်ပြေးတာ။ သူဖမ်းဆီးခံရလို့ အခုမနက် စကစအင်အား ၁၀၀ ကျော်လည်း စစ်ကြောင်းထိုးဖို့ ဘန့်ဘွေးကုန်းကိုရောက်နေတယ်ကြားလို့ အသေပဲပစ်လိုက်ရတာ။”လို့ ဆိုပါတယ်။
ကိုစန်းဌေးဟာ ၂၀၂၃ ကစတင်ကာ စစ်ကောင်စီတပ်ရဲ့သတင်းပေးလုပ်နေပြီး လက်လုပ်သေနတ် (တတောင့်ထိုး) ၁ လက်ရရှိကိုင်ဆောင်နေသူဖြစ်တယ်လို့ သိရပြီး ဖမ်းဆီးချိန်မှာတော့ သေနတ်ကို မတွေ့ရှိခဲ့ဘူးလို့ ရဲဘော်ရိုးမမြေက ပြောဆိုပါတယ်။
၂၀၂၃ ဧပြီလထဲမှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ ရဲ့ စခန်းကို စစ်ကောင်စီတပ်ကဝင်ရောက်သိမ်းချိန်မှာလည်း ကိုစန်းဌေးပါဝင်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက လက်နက်၊ ခဲယမ်း၊ ဆိုင်ကယ်၊ မီးစက်တွေပါအဝင် ငွေကျပ်သိန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
စာတည်း – လင်း