myaelatt athan

Sharing Information to the Local

တရက်အတွင်း ကန့်ဘလူကရွာတွေကို ဗုံးဒါဇင်နဲ့ချီကြဲချလို့ ၂ ဦးသေဆုံး

ကန့်ဘလူ၊ မေ ၂၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၄ ရွာကို စစ်ကောင်စီတပ်က မေ ၂၁ ရက် တရက် တည်းမှာပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ချပ်ကြီး၊ သင်တော၊ ပေါက်ဆိန်ကုန်း၊ ဇော်ချောင်း စတဲ့ကျေးရွာ ၃ ရွာကို Y12 ၁ စီးနဲ့ နေ့လယ် ၁၂ နာရီကနေ ၁ နာရီအတွင်း တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“ဗုံးကြဲတာက သင်တောရွာအနီးပတ်ဝန်းကျင်ကိုအလုံး ၁၀ ကျော်မယ်။ ပေါက်ဆိန်ကုန်းကို ၈ လုံးကြဲတယ်။ ဇော်ချောင်းကိုတော့ ၃ လုံးပါ။ ချပ်ကြီးကို ၂ လုံးကြဲတယ်။ ပျက်စီးမှုအခြေအနေတွေကိုတော့ ဖုန်းလိုင်းမရလို့အသေးစိတ်မသိရပေမယ့် တော်တော်များမှာပါ”လို့ မြေပြင်အခြေအနေကိုသိရှိထားတဲ့ ကန့်ဘလူဒေသခံ အမျိုးသားတဦးကပြောပါတယ်။

သေဆုံးသူ ၂ ဦးဟာ ပေါက်ဆိန်ကုန်းရွာခံ အသက် ၅၀ အရွယ်အမျိုးသားနဲ့ ချပ်ကြီးရွာခံ အသက် ၃၀ အရွယ်အမျိုးသားတို့ဖြစ်ပြီး သင်တောကျေးရွာက အသက် ၅၀ အရွယ်အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

မေ ၁၈ ရက်မှာ ကိုးတောင်ဘို့နဲ့ ချပ်ကြီးကျေးရွာကထွက်လာကြတဲ့ အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သင်တောရွာကိုဝင်ရောက်တပ်စွဲနေခဲ့ပြီး အဲ့ဒီနေရာကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လာမှာကိုစိုးရိမ်တဲ့တွက် အခုလိုဗုံးကြဲတာဖြစ်နိုင်တယ်လို့ အထက်ပါ အမျိုးသားကခန့်မှန်းပါတယ်။

အခုလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ကျေးရွာတွေဟာ စစ်ကောင်စီတပ်စွဲထားတဲ့ သင်တောကျေးရွာ အနီးဝန်းကျင်ကကျေးရွာတွေဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ချပ်ကြီး၊ သင်တော၊ပေါက်ဆိန်ကုန်း၊ ဇော်ချောင်း၊ အောက်တင်း စတဲ့ကျေးရွာတွေက ဒေသခံတွေလည်း ရွာလုံးကျွတ်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၈ ရက်နေ့လယ် ၁၂ နာရီဝန်းကျင်မှာလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသား၊ ကျောင်းသူတွေအပါ ၅ ဦး သေဆုံးခဲ့ပါသေးတယ်။

ဉာဏ်လင်းသစ်သုသေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ အခုနှစ် မေ ၉ ရက်ကနေ ၁၅ ရက်အတွင်း မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူး(အရှေ့) ဒေသများအပါအဝင် ဒေသ ၁၄ ခုမှာ အရပ်သားတွေအပေါ်ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ၆၁ ခုရှိခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၄ ဦးသေဆုံးကာ ၂၄၅ ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။