myaelatt athan

Sharing Information to the Local

ညောင်ဦးမှာ စစ်ကောင်စီစစ်ကြောင်း ၂ ရက်ဆက်တိုက်ခိုက်ခံရ

◼ တိုက်ခိုက်ခံရတဲ့စစ်ကြောင်းက ခရီးသွားတွေကို မိုင်းရှာခိုင်း

ညောင်ဦး၊ မေ ၂၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့ကထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေ ၂၀ ရက်နဲ့ ၂၁ ရက်တို့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ People’s Democratic Army – PDA ဆီက သိရပါတယ်။

မေ ၂၀ ရက် နေ့လယ် ၁၀ နာရီမှာ ညောင်ဦးမြို့ပေါ် ခလရ ၄၁၅ တပ်ကနေ အင်အား ၉၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေစာရံဘုရားနဲ့ ယာတောကြီး‌ကျေးရွာတို့ကတဆင့် ဂျိုးကန်ရွာအနီး ရောက်လာချိန် နေ့လယ် ၃ နာရီခန့်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကစတင် တိုက်ခိုက်ပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ညောင်ဦးကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက မေ ၂၀ ရက်မှာ ရွှေစာရံဘုရားကိုဝင်တယ်၊ ရွှေစာရံဘုရားက လမ်းသွားလမ်းလာလူတွေကိုဖမ်းသွားတယ်၊ အဲ့ဒီကမှတဆင့် နေ့လယ်ပိုင်းမှာ ယာတောကြီး‌ကျေးရွာဝင်သွားတာ၊ အဲ့ဒီမှာထမင်းစားသောက်လုပ်ပြီးတော့ ဂျိုးကန်ရွာဘက်မှာ ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာ၊” လို့ People’s Democratic Army – PDA တပ်ဖွဲ့ဝင်အုပ်စိုးက ပြောပါတယ်။

ရွှေစာရံဘုရားအနီး ဖမ်းဆီးခံရသူတွေဟာ အသက် ၂၉ နှစ်နဲ့ ၃၀ အရွယ် ၁၅ ဦးဝန်းကျင် ဖြစ်ပြီး သူတို့နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

ဒါ့အပြင် တိုက်ခိုက်ချိန် နာရီဝက်လောက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးသူတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်ပွဲချိန်က နာရီဝက်လောက်ကြာတယ်၊ ကျနော်တို့ ရှေ့ဆုံးပွိုင့်ကတော့ မီတာ ၂၀၀ အတွင်းကပဲ ပစ်ခဲ့တာ၊ ကျနော်တို့မြေပြင်သတင်းမှာတော့ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ၁၂ ဦးလောက်ထိတယ်၊ ၈ ဦးတော့သေဆုံးတယ်”လို့ People’s Democratic Army – PDA တပ်ဖွဲ့ဝင်အုပ်စိုးက ပြောပါတယ်

“ ဒရုန်းအာသာချက်ကြောင့် ကျနော်တို့ ရဲဘော်တွေမှာတော့ စိုးရိမ်ကြောင့်ကျမှုရှိတာပေါ့၊ ပထမ စတက်လာတဲ့ ၆ လက်ဒရုန်း ၁ စီးကိုတော့ စတက်တက်လာခြင်းကျနော်တို့ကပစ်လွှတ်လိုက်တာ၊ ပန်ကာ ၁ လက်တခုထိတယ်၊ ချက်ခြင်းလက်ငင်းတိမ်းစောင်းပြီးတော့ သူတို့နေရာကိုပြန်ခေါ်သွားတယ်၊ ကျနော်တို့ရဲ့ ရှေ့ပွိုင့်နဲ့ သူတို့ကြားထဲကို ဗုံးသီးကိုချသွားရတယ်” လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဂျိုးကန်ရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး အဲ့ဒီကတဆင့် ကြအို့ရွာကိုဝင်ရောက်နေချိန် မေ ၂၁ ရက် ၁ နာရီလောက်မှာ ကာကွယ်ရေးတပ်တွေကလည်း ၆၀ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ PDA တပ်ဖွဲ့ဝင်အုပ်စိုးက ပြောပါတယ်။

“ကျနော်တို့က ပစ်ခတ်တိုက်ခိုက်တာလုပ်တယ်၊ သူတို့ကနေရာဦးထားတာဖြစ်တဲ့အတွက် ကျနော်တို့ကလက်နက်ငယ်နဲ့တော့မပစ်ခဲ့ရဘူး၊ လက်နက်ကြီးနဲ့သာပစ်ခဲ့ရတာ”လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုအတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီဘက်က ဒရုန်းအာသာချက် ရှိတာကြောင့် စိုးရိမ်မှုရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ကြအို့ရွာကနေ အိမ်နီးချင်းရွာတွေဖြစ်တဲ့ ကျောက်ပြင်ရွာနဲ့ ဂျိုးကန်ရွာတွေဘက်ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က လမ်းသွားလမ်းလာကားတွေကိုတားဆီးကာ ကားပေါ်ပါလာသူတွေကို မိုင်းရှာခိုင်းတာတွေလည်းလုပ်ခဲ့တယ်လို့ PDA တပ်ဖွဲ့ဝင်အုပ်စိုးက ပြောပါတယ်။

“ (မနေ့က)နေ့လယ် ၁၁ နာရီလောက်မှာ ကြအို့ကျွန်းရွာဘက်ကို ရောက်လာတယ်၊ ချောက်-ညောင်ဦးကားလမ်းဘေးမှာရှိတာ၊ ဒေသခံအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းတချို့ကို သူတို့တတွေ ဖြုတ်တယ်၊ လာတဲ့ကားတွေပေါ်က လူတွေကိုဆွဲချပြီးတော့ မိုင်းတွေကို ဖြုတ်ခိုင်းတာတွေလုပ်တယ်၊” လို့ PDA တပ်ဖွဲ့ဝင်အုပ်စိုးက ပြောပါတယ်။

ကြအို့ရွာဟာ ညောင်ဦးမြို့ရဲ့တောင်ဘက်အရပ် ၁၅ မိုင်အကွာ ချောက်-ညောင်ဦး ကားလမ်းဘေးမှာ တည်ရှိတာဖြစ်ပါတယ်။

လက်ရှိ စစ်ကြောင်းကဂန့်ဂါရွာကိုရောက်နေပြီး မီးလောင်ဖျာရွာ၊ ကြအို့ကျွန်း၊ ကြအို့ရွာ၊ မြေသန့်တောင်ရွာ၊ စကားရွာ၊ ဂန့်ဂါရွာ၊ လယ်ကန်ကျေးရွာ၊ မြောင်ရွာ တို့က ဒေသခံ ၅ ထောင်ကျော်လည်း တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း ညောင်ဦးမြို့နယ်၊ မြောင်ကျေးရွာက ပြည်သူ ၅ ဦးကို ဖမ်းဆီးသွားတဲ့ ညောင်ဦးမြို့ ခလရ ၄၁၅ တပ်ရဲ့ စစ်ကြောင်းကို People’s Democratic Army – PDA လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။