စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စခန်း ၂ ခုကို PDF က နယ်မြေရှင်းလင်းမီးရှို့ဖျက်ဆီး

ကျော်ကြီးအောင်စိုး

မြေလတ်အသံ၊ မေ ၂၂၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်နဲ့ နတ်တလင်းမြို့နယ်က စစ်ကောင်စီတပ်စခန်း ၂ ခုကို PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ပြည်နဲ့သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသီးသီးထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်အင်အား ၃၀ ခန့်ရှိ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင်စခန်းကို မေ ၁၇ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး မေ ၁၈ ရက် ညနေ ၆ နာရီခန့်မှာ စစ်ကောင်စီတပ်သားတွေအားလုံး စခန်းစွန့် ခွာထွက်ပြေးသွားတာကြောင့် မေ ၁၉ ရက်မှာ စခန်းတွင်းဝင်ရောက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သိမ်ကုန်းတာဝါတိုင်းစခန်းကို ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပေမယ့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်တာမရှိဘဲ စခန်းတွင်း တဲအဆောက်အဦတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ရက်မှာ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကနေ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် ပေါင်းတည်မြို့အနီးက ကျောက်ကြီးတောင်စခန်းတခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

“ဒီဘက်မှာတော့ တပ်စွဲထားတဲ့နေရာတော့ မရှိတော့ဘူး။ သူတို့(စကစ)ဧရိယာထဲမှာ မြို့အနီးအနားက ကျောက်ကြီးတောင်စခန်းပဲရှိတော့တယ်။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အလားတူ နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ကျေးရွာမှာ ၃ နှစ်ကျော်တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း ၃၈၀၁ က တာဝန်ရှိသူတဦးကပြောပါတယ်။

မေ ၁၈ ရက် မနက် ၅ နာရီ ၃၀ မိနစ်ခန့်ကစပြီး အင်အား ၁၇ ဦးခန့်ရှိ ကွင်းကျယ်ကျေးရွာအနီး စေတီကုန်းစစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ မေ ၁၉ ရက် မနက် ၁ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင်ကုန်းစခန်းက စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းတပ်အင်အား ၇၀ ခန့် စစ်ကူရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

“စတိုက်တဲ့နေ့ကနေ နောက်တနေ့ထိ တောက်လျှောက်ဖြစ်တာ။ ၁၉ ရက်နေ့မှာက သူတို့ စစ်ကူဝင်လာတာ။ နောက်တရက်ပြန်ထွက်တဲ့အချိန်မှာ မိုင်းထောင်ပြီး မိုင်းဆွဲလိုက်တဲ့အချိန်မှာ စကစဘက်က ဗိုလ်အပါအဝင် ကျတာမျိုးတွေရှိတယ်။” လို့ သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း ၃၈၀၁ တာဝန်ရှိသူတဦးက ပြောပါတယ်။

မေ ၂၀ ရက် မနက်ပိုင်းမှာ စစ်ကူလာတဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး နတ်တလင်းဘက်ကို စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် နေ့လယ် ၂ နာရီခန့်မှာ စခန်းအတွင်းဝင်ရောက်နိုင်ခဲ့လို့ သိရပါတယ်။

တိုက်ပွဲတွေနဲ့မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က ဗိုလ် ရဲသွေး အပါအဝင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးတာကို စစ်ကောင်စီနဲ့နီးစပ်သူတွေထံက ပြန်လည်စုံစမ်းသိရှိထားရပြီး ဒဏ်ရာရသူအချို့လည်းရှိတယ်လို့ ၎င်းက ဆိုပါတယ်။

နယ်မြေရှင်းလင်းစဉ်မှာ စစ်ကောင်စီတပ်သားအလောင်းအချို့၊ ဆိုလာပြားအဟောင်း၊ ဘက်ထ္တရီအိုးအဟောင်းတွေနဲ့ စစ်သုံးပစ္စည်းအဟောင်းတွေသာ တွေ့ရလို့ အသုံးပြုလို့ရတဲ့ဟာတချို့ကို သိမ်းယူပြီး စခန်းတဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စခန်းတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်၂ စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ ၂၂၊ သာယာဝတီခရိုင်အမှတ် ၁ တပ်ရင်း(P23801) နဲ့ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နတ်တလင်း ပကဖ) ၊ တပ်ရင်း ၃၈၀၁ ဒရုန်းတပ်ဖွဲ့ (Bago Wings UAV Force) ပူးပေါင်းတပ်တွေက တိုက် ခိုက်ခဲ့တာလို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။