လက်ပံတန်း၊ မေ ၂၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သိုက်ဝါးချောင်းရွာက စစ်ကောင်စီတပ်သတင်းပေး ရာအိမ်မှူး ၁ ဦးကို မေ ၂၁ ရက်မနက် ၁၁ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပစ်ခတ်ခံရသူဟာ အသက် ၆၀ အရွယ် ဦးအုန်းသန်းဖြစ်ပြီး ကျေးရွာရှိ ဂျင်လောင်းကစားဝိုင်းမှာ ရှိနေချိန် သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“လူအင်အား ၅၀ ကျော်ခန့်ရှိတဲ့ ဂျင်ဝိုင်းပါ။ ပြန်လည်မခုခံနိုင်ခဲ့ပါဘူး။ လူအုပ်ထဲမှာပဲ 9mm အတိုနဲ့ နားထင်တချက်၊ ရင်ဝတချက်ပစ်ခတ်ခဲ့တာ”လို့ သာယာဝတီခရိုင်ပကဖ၊ အမှတ်(၁) တိုက်ခိုက်ရေးတပ်ဖွဲ့၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကပြောပါတယ်။
ဦးအုန်းသန်းဟာ ၂၀၂ ၁ စစ်အာဏာသိမ်းပြီးနောက် ရာအိမ်မှူးဖြစ်လာသူဖြစ်ပြီး ဒေသခံတွေအပေါ် အာဏာပြဆက်ဆံတာ၊ စစ်မှုထမ်းကြေးအဓမ္မကောက်တာ၊ မပေးနိုင်သူတွေကိုဖမ်းဆီးဖို့ စာရင်းပို့တာ၊ လောင်ကစားဝိုင်းတွေကို ကူညီပေးနေသူဖြစ်တယ်လို့ အထက်ပါတာဝန်ခံကဆိုပါတယ်။
သိုက်ဝါးချောင်းကျေးရွာဟာ ရန်ကုန်-ပြည်ကားလမ်းမနံဘေးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ ဂရံစံပြကျေးရွာနဲ့ မိုင်ဝက်ခန့်ဝေးတဲ့အတွက် ဦးအုန်းသန်းကိုပစ်ခတ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ချက်ချင်းပြန်ဆုတ်ခွာလာခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန်းဦးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း