myaelatt athan

Sharing Information to the Local

နေအိမ်မီးရှို့ပြီးထွက်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရ

ရွှေကျင်၊ မေ ၂၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ရှမ်းစုကျေးရွာအနီးမှာ နေအိမ်တွေကိုမီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

မေ ၂၀ ရက်နေ့လယ် ၁၂ နာရီခန့်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာကနေအိမ် ၅ လုံးကို မီးရှို့ခဲ့တဲ့စစ်ကြောင်းဖြစ်ပြီး မေ ၂၁ ရက် ဒီမနက် ၈ နာရီခန့်မှာ အင်အား ၅၀ နဲ့ ရှမ်းစုကျေးရွာဘက်ကို ရောက်လာချိန် KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“သူတို့ပြန်ဆုတ်တဲ့ လမ်းကြောင်းကို ကျနော်တို့ဘက်ကပစ်တာခတ်တာရှိတယ်။ နည်းနည်းတော့ ကြာသွားတယ်။ နာရီဝက် ၄၅ မိနစ်ဝန်းကျင်လောက်ကြာသွားမယ်။ စကစဘက်က လက်နက်ကြီး အသေးကောအကြီးကော ပစ်နေတုန်း”လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိနိုင်ပြီး အရေအတွက်ကိုတော့ စိစစ်နေဆဲလို့ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန် သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇၊ အမတ ၃၁၀နဲ့ ခမရ ၅၉၈ ထဲက စစ်ကောင်စီ အဖွဲ့တွေက လက်နက်ကြီးပစ်ကူပေးသလို ဝင်းကံကျေးရွာအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်ရှိနေသေးတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေမီးရှိုခဲ့တာကြောင့် ဝင်းကံကျေးရွာက KNU တပ်မဟာ ၁၊ ဝင်းကံကျေးနယ်မှူး ဖားဇီးကွက်ရဲ့ မိခင်နေအိမ်အပါအဝင် ၅ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဝင်းကံကျေးရွာဟာ အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီး မေ ၁၆ ရက်ကစလို့ စစ်ကောင်စီစစ်ကြောင်းတွေဝင်ရောက်လာတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မေ ၈ ရက် ခမရ ၅၉၈ တိုက်ပွဲအပြီး ဝင်းကံကျေးရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲမှု ၃ ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် နေအိမ် ၂၀ ခန့်ပျက်စီးပြီး ဒေသခံအမျိုးသား ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ခမရ ၅၉၈ တိုက်ရင်းသိမ်းတိုက်ပွဲစဖြစ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွှေကျင်မြို့နယ်ထဲက ကွမ်းဆိပ်၊ ညောင်ခြေထောက်၊ ရှမ်းစု၊ ဇလုပ်ကြီးကျေးရွာတွေက ဒေသခံ ထောင်ချီလည်း မေ ၂၁ ရက်နေ့ထိ နေရပ်ကိုမပြန်လာကြရသေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။