myaelatt athan

Sharing Information to the Local

သပိတ်ကျင်းက ရွှေလုပ်ကွက်ဗုံးကြဲခံရပြီး လုပ်သားလူငယ် ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

သပိတ်ကျင်း၊ မေ ၂၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာအနီးရှိရွှေလုပ်ကွက်ကို စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

မေ ၁၉ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်အချိန်မှာ စစ်ကောင်စီတပ်တိုက်လေယာဥ် ၁ စီးနဲ့ ရွှေလုပ်ကွက်ပေါ်ကို ပေါင် ၃၀၀ ဗုံး ၂ လုံးကို ကြဲချခဲ့ပြီး ရွှေလုပ်ကွက်အတွင်းရှိ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

” ရွှေလုပ်ကွက်ထဲက အိမ်ပေါ်ကိုကျတာ။ ဒဏ်ရာရသူနှစ်ယောက်က တစ်ယောက်က လက်ထိတယ်။ တစ်ယောက်က ပေါင်ထိတယ်ဗျ။ လက်နဲ့ပေါင် ထိထားတာဆိုတော့ အရမ်းကြီး သေစေနိုင်လောက်ထိတော့ မစိုးရိမ်ရဘူး” လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းတာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေလုပ်ကွက်က လုပ်သားတွေဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသား ၁ ဦးနေရာမှာဘဲ သေဆုံးခဲ့ပြီး အသက် ၁၅ နှစ်နဲ့ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ ဆေးကုသမှုပေးနေကာ သေဆုံးအမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ မေ ၁၉ ရက်နေ့ ညနေပိုင်းမှာဘဲ သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။

စစ်ကောင်စီဟာ ရွှေလုပ်ကွက်ပေါ်ကို လေကြောင်းသုံး ဗုံးကြဲချခဲ့တာကြောင့် ပြည်သူပိုင်လူနေအိမ် ၃ လုံးနဲ့ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီးလည်း ဗုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မေ ၁၈ ရက်ညပိုင်းမှာ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့ပြီး ဧပြီလအတွင်းမှာလည်း လိပ်ကျရွာလယ်စျေးကို လေယာဥ်နဲ့ ဗုံးကြဲခံရလို့ အရပ်သား ၁၃ ဦးသေဆုံးမှုရှိခဲ့ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။