မြင်းခြံ၊ မေ ၂၀၊ ၂၀၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကန်ဆင့်ကျေးရွာမှာ လေယာဥ်ဗုံးထိမှန်တာကြောင့် ရွာခံအမျိုးသမီး ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေ ၁၉ ရက် ယမန်နေ့မွန်းတည့် ၁၂ နာရီခန့်မှာ စစ်ကောင်စီတပ် တိုက်လေယာဥ် ၁ စီးက ကန်ဆင့်ရွာအတွင်း ဗုံး ၂ လုံးကြဲချခဲ့ရာ ကျေးရွာအလယ်ဘုန်းကြီးကျောင်းအနီးရှိ ဒေါ်မေရီမြင့်နေအိမ်နဲ့ ဦးမြင့်ခိုင်တို့နေအိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
” ခုထိတဲ့သူတွေကလည်း (လေယာဥ်ကြောက်လို့) ရွာထဲမှာမနေဘူး။ ဒီအချိန်မှာ လုပ်ငန်းချိန်၊ ကြက်သွန်သိမ်းထားတဲ့အချိန်ဆိုတော့ ဂိုဒေါင်တွေထဲမှာ ကြက်သွန်တွေထားတာ။ ကြက်သွန်က ပုပ်တတ်တဲ့သဘောရှိတော့ အဲဒါကိုရှင်းလင်းရေးလာလုပ်တဲ့အချိန် အိမ်မှာရှိနေချိန် ဖြစ်သွားတာ” လို့ ကျေးရွာနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။



စစ်ကောင်စီက ကန်ဆင့်ရွာကို မတ် ၂၀ ရက်မှာ ပထမအကြိမ်လေယာဥ်နဲ့ဗုံးကြဲလို့ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီးနောက် ရွာခံအများစုဟာ ကျေးရွာအနီးတောတောင်တွေနဲ့ ယာခင်းတွေမှာ သွားရောက်နေထိုင်ကြပြီး အလုပ်ကိစ္စတွေရှိမှ ကျေးရွာတွင်းယာယီပြန်လည်နေထိုင်ကြတာပါ။
လေယာဥ်ဗုံးကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တွင်းရှိနေတဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်မေရီမြင့်နဲ့ အမဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဌေးရီတို့ ၂ ဦးဟာ နေရာမှာ သေဆုံးသွားခဲ့ပြီး အသက် ၃၀ ကနေ ၆၀ ကြား အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရခဲ့ကာ ဒဏ်ရာရသူတွေအနက် အမျိုးသမီး ၁ ဦးက စိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။



လေယာဥ်ဗုံးကျရောက်ပေါက်ကွဲတဲ့ နေအိမ် ၂ လုံးအပါ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးအမျိုးသမီး ၂ ဦးကို ယမန့်နေမှာပဲ သင်္ဂြိုဟ်ပေးခဲ့ကာ ဒဏ်ရာရသူ ၄ ဦးကို နီးစပ်တဲ့ ဆေးရုံတခုမှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
ကန်ဆင့်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၁,၀၀၀ ဝန်းကျင်နေထိုင်ပြီး လယ်ယာကိုင်းလုပ်ငန်းကို လုပ်ကိုင်ကြသူတွေအများစုနေထိုင်ကြပြီး အဆိုပါရွာနဲ့အနီးတဝိုက်မှာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားသွားလာတာရှိပေမယ့် တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလဒုတိယပတ်အတွင်းမှာ မြင်းခြံခရိုင် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်မြို့နယ်တွေအတွင်း နေရာ ၈ ခုထက်မနည်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းဆက်တိုက်အသုံးပြုဗုံးကြဲခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ပါသေးတယ်။
စာတည်း – ဟိန်းစံ