ရွှေကျင်၊ မေ ၁၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအခြေစိုက် ခမရ ၅၉၈ တပ်ရင်းသိမ်းပွဲမှာ Southern Eagle PDF တပ်ရင်းက တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့တယ်လို့ မေ ၁၆ ရက်မှာ အဆိုပါတပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
မေ ၈ ရက်မှာ KNLA ပူးပေါင်းတပ်တွေက ခမရ ၅၉၈ တပ်ရင်းကိုတိုက်ခိုက်စဥ် Southern Eagle PDF တပ်ရင်းက အသက် ၂၇ နှစ်အရွယ် တပ်ဖွဲ့ဝင် Lightning ဟာ စစ်ကောင်စီက ကြဲချတဲ့ လေယာဥ်ဗုံး ထိမှန်ပြီး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“အဲဒီနေ့က တိုက်ပွဲကပြင်းထန်တယ်။ ကျနော်တို့ဘက်က ၂၄ နာရီအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ ဗျူဟာမြောက်လက်နက်အားလုံးကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်။ တိုက်ပွဲက ပြင်းထန်တယ်။ ယနေ့ထိပြင်းထန်နေတုန်းပဲ။ လေယာဥ်ကလည်း ကျနော်တို့ကြုံဖူးသမျှ တိုက်ပွဲတိုင်းနဲ့မတူဘူး အများကြီး နှစ်ဆသုံးဆသုံးခဲ့တယ်။ ထိခိုက်ကျဆုံးမှုကရှိတယ်။ နယ်မြေခံမဟာမိတ်တွေကော ကျနော်တို့ကော ထိခိုက်ကျဆုံးမှုရှိတယ်။ အများစုကျဆုံးရတာက လေယာဥ်ကြောင့်ပါဘဲ။ “လို့ Southern Eagle PDFတပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ဗျတ္တကပြောပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင် Lightning ကျဆုံးကြောင်း သတင်းထုတ်ပြန်မှုနောက်ကျရတာက ရှေ့တန်းနေရာမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်းဆက်ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။
စျာပနကိုတော့ မေ ၁၀ ရက်က ရှေ့တန်းစစ်မြေပြင်တနေရာမှာ စစ်ရေးပြအခမ်းအနားနဲ့အတူ သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့ဝင် Lightning ဟာ Southern Eagle PDF တပ်ရင်းတည်ထောင်ချိန်ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး တပ်ရင်းအတွက် အားကိုးရတဲ့ တပ်ဖွဲ့ဝင်တဦးဖြစ်တယ်လို့ ဒုတပ်ရင်းမှူး ဗျတ္တကပြောပါတယ်။
Southern Eagle PDF တပ်ရင်းဟာ KNU တပ်မဟာ ၆ နယ်မြေထဲမှာ ၂၀၂၂ ခုနှစ်လောက်ကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း တိုက်ပွဲပေါင်း ၅၀ ကျော်မှာ ပါဝင်ခဲ့ကာ တပ်ရင်းကကျဆုံးသူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ခမရ ၅၉၈ တပ်ရင်းသိမ်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် Lightning အပါ KNLA ပူးပေါင်းတပ်တွေဘက်က ၄ ဦးထက်မနည်းကျဆုံးခဲ့ပြီး ၈ ဝန်းကျင်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
အလားတူ စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး သုံ့ပန်း ၁၃ ဦးဖမ်းဆီးရမိကာ လက်နက်ခဲယမ်းမျိုးစုံများစွာသိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က မေ ၁၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
စာတည်း – လင်း