myaelatt athan

Sharing Information to the Local

တောင်ငူ၊ ဂုန်မင်းအိုင်ရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး ရွာခံ ၂၀ ဦးခန့်ကို ဖမ်းထားကာ ရိုက်နှက်နှိပ်စက်ခံရလို့ လူငယ် ၂ ဦးသေဆုံး

တောင်ငူ၊ မေ ၁၆၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ဂုန်မင်းအိုင်ကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်ကာ ရွာခံ ၂၀ ဦးခန့်ကို ဖမ်းဆီးထားပြီး အဲ့ဒီထဲက ဆယ်ကျော်သက်လူငယ် ၂ ဦးဟာ ရိုက်နှက်နှိပ်စက်ခံရလို့ သေဆုံးသွားပြီလို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၁၄ ရက် မှာ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဂုန်မင်းအိုင်ရွာအတွင်းဝင်ရောက်လာပြီး ကျေးရွာဘုန်းကြီးကျောင်းအတွင်း အထိုင်ချကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေတာလို့ ဆိုပါတယ်။

“မနေ့ကတော့ စကားမပြောနိုင်တော့ဘူး ပြောတယ်။ ဒီနေ့(မေ ၁၆)တော့ သေပြီလို့ သိရတယ်။ စဖမ်းတဲ့ရက်ကတည်းက ရိုက်နှက်ထားတာ။ တာယာတွေပုံ ထားတော့ သူတို့ကို မီးရှို့၊ မရှို့တော့ မသိရသေးဘူး။ သူတို့(သေဆုံးသူ) ၂ ဦးက စစ်ကြောင်းဝင်ကတည်းက ဖမ်းခံရတာ” လို့ ဒေသ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း ကျေးရွာတွင်းဘုန်းကြီးကျောင်းထဲ စတင်ဝင်လာချိန် ဘုန်းကြီးကျောင်းနံဘေးနေအိမ်တွေက ပြည်သူအချို့၊ ကျောင်းအရှေ့ဆိုင်ကယ်ဖြတ်မောင်းသူတချို့နဲ့ ရွာထဲကနေအိမ်တွေကို လိုက်လံဖမ်းဆီးရာ ရွာခံ ၂၀ ဦးခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ဂုန်မင်းအိုင်ရွာခံ အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်အရွယ်ခန့်ရှိ စုပ်လုံးနဲ့ ထွန်းအေးတို့ ၂ ဦးမှာ ၎င်းတို့ဖမ်းဆီးခံရတဲ့ မေ ၁၅ ရက်က စတင်ကာ ရိုက်နှက်နှိပ်စက်ခဲ့ရပြီး အဲ့ဒီဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဒီကနေ့ မေ ၁၆ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိုင်ချထားတဲ့ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ဂုန်မင်းအိုင်ရွာသား ဦးကျော်မြင့်၊ သားဖြစ်သူ ကျော်ဇင်မင်း၊ စိုးသူ၊ ဦးစိုးနိုင်၊ ကိုဝင်းစိုး၊ မဥမ္မာဝင်း၊ ဇော်ခိုင်၊ ဦးသိန်းစိုးတို့အပါအဝင် ၂၀ ခန့်ကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ရွာခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၇၀၀ ကျော်ရှိတဲ့ ဂုန်မင်းအိုင်ရွာဒေသခံအများစုဟာ ကျေးရွာကနေ ဘေးလွတ်ရာကိုထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ကောင်စီနဲ့နီးစပ်သူအချို့လောက်သာ ကျေးရွာထဲမှာ ကျန်ရှိနေတယ်လို့ သိရပါတယ်။

၎င်းစစ်ကောင်စီစစ်ကြောင်းဟာ မေ ၁၆ ရက် ဒီကနေ့ ညနေပိုင်းထိ ကျေးရွာဘုန်းကြီးကျောင်းအတွင်မှာပဲရှိနေပြီး ကျေးရွာထဲက နေအိမ် ၂ လုံး၊ ဆိုင်ကယ် ၂ စီးနဲ့ စပါးအိတ်တွေကို ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။