myaelatt athan

Sharing Information to the Local

ဟင်းရွက်ခူးနေတဲ့ ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ ချုံခိုတိုက်ခံရလို့ ၁ ဦးသေဆုံး

0
0

မြေလတ်အသံ၊ မေ ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ချုံခိုတိုက်ခံရပြီး ပျူစောထီး ၁ ဦး သေဆုံးတယ်လို့ မြိုင်ဒေသအခြေပြု ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ပျူစောထီးစခန်းတွေ အထိုင်စခန်းချထားတဲ့ ကန်နီရွာကနေထွက်လာတဲ့ အင်အား ၃၀ ခန့်ပါ စစ်ကြောင်းကို ၎င်းရွာရဲ့အရှေ့ဘက်မီတာ ၁၀၀ ခန့်အကွာ တောစပ်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ မိနစ်ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ ရှေ့က ၅ ယောက်ကရှာပြီး နောက်ကကင်းပုန်းအင်အားနဲ့တောစပ်တွေကို ရိက္ခာရှာထွက်လာတာ။ မိုးကလည်းရွာနေတော့ မြေပဲပင်ပေါက်တွေ ကောက်တယ်၊ ဂုဏ်ရွက်တွေ၊ ဆူးပုပ်ရွက်တွေခူးတယ်၊ တောနားရသမျှတွေမွှေတယ်ပေါ့။ အဲ့လိုပဲချောင်ရင်ချောင်သလို ထွက်တယ်ဗျ” လို့ ဗစ်တာပျောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ပြောပါတယ်။

တောစပ်မှာအရွက်ခူးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအဖွဲ့တွေက အနီးကပ်ပစ်ခတ်နိုင်ခဲ့တာကြောင့် ပျူစောထီး ၁ ဦး နေရာမှာသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တာကို မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ ဒရုန်းနဲ့ကြည့်ရတာတော့ နာရီဝက်လောက်ကြာတော့ အလောင်းကိုထော်လာဂျီနဲ့ လာပြန်သယ်သွားတယ်၊ ဒဏ်ရာရတဲ့လူကို မပြီးတင်သွားကြတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က လက်နက်ငယ်တွေအပြင် ၆၀ မမ လက်နက်ကြီး ၂ လုံး၊ ၄၀ မမ ဗုံးသီး ၈ လုံးနဲ့ ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မေ ၁၀ ရက် မနက် ၅ နာရီဝန်းကျင်က ကန်နီရွာအနီးမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းအဖွဲ့တွေက လာရောက်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

အိမ်ခြေ ၇၀၀ ကျော်ရှိ ကန်နီရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်နဲ့ ပျူစောထီးအင်အား ၆၀ ကျော်အထိုင်ချတပ်စွဲထားပြီး ကျေးရွာအတွင်းကျန်ရှိနေတဲ့ အမျိုးသားအားလုံးနီးပါး ပျူစောထီးတပ်ဖွဲ့ဝင်တွေအဖြစ် ဝင်ရောက်နေရတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဗစ်တာပျောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂၊ အညာ​မြေပျောက်ကျားတပ်ဖွဲ့စုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။