myaelatt athan

Sharing Information to the Local

ဝက်လက်ကို လေယာဥ်နဲ့ဗုံးထပ်ကြဲလို့ ၂ ဦးသေဆုံး၊ ၄ ရက်အတွင်း ရွာ ၆ ရွာ ဗုံးကြဲခံရပြီး ၁၁ ဦး သေဆုံးခဲ့

ဝက်လက်၊ မေ ၁၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စခန်းသာကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲချခဲ့လို့ ရွာခံအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၁၃ ရက်ညနေ ၄ နာရီမှာ စခန်းသာကျေးရွာကို စစ်ကောင်စီတပ် တိုက်လေယာဥ် ၁ စီးက ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာတွင်း လူနေအိမ်ဝန်းအတွင်းနဲ့ နွားစာတိုက် (နွားတင်းကုတ်) ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – မေ ၁၃ ရက် စခန်းသာကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။
ပုံစာ – မေ ၁၃ ရက် စခန်းသာကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။

လေယာဥ်ဗုံးပေါက်ကွဲတာကြောင့် နေအိမ်တွင်းရှိနေတဲ့ အသက် ၃၀ ကျော်အရွယ် မယဥ်ယဥ်နဲ့ နွားစာကျွေးနေတဲ့ အသက် ၂၀ အရွယ် ကိုအောင်လှိုင်တို့ ၂ ဦးမှာ ဗုံးစထိမှန်ကာ နေရာမှာသေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီး ၂ ဦးလည်းဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဝက်လက်မြို့နယ်မှာ ယနေ့ မေ ၁၃ ရက် စခန်းသာရွာဗုံးကြဲခံရမှုအပါအဝင် ၄ ရက်အတွင်း ကျေးရွာ ၆ ရွာမှာ နေ့စဥ်လေယာဥ်နဲ့ဗုံးကြဲခံခဲ့ရကာ လူ ၁၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

ပုံစာ – မေ ၁၀ ရက် ရွာတော်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။
ပုံစာ – မေ ၁၀ ရက် ရွာတော်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။
ပုံစာ – မေ ၁၀ ရက် ရွာတော်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။

မေ ၁၀ ရက်မှာ ရွာတော်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး အဲ့ဒီနေ့မှာပဲ ဝက်လက်၊ ရှိန်းမကားကျေးရွာအနီးရှိ “ပြည်ရှိန်းအောင်”ဓာတ်ဆီဆိုင်ကို ဗုံးသီး ၁ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

အလားတူ မေ ၁၁ ရက်မှာလည်း ရွှေပန်းကုန်းကျေးရွာကို လေယာဥ်ဗုံး ၂ လုံးကြဲချခဲ့ရာ ကျေးရွာစာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၃၀ ကျော်အရွယ်အမျိုးသား ၁ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာရခဲ့ပါတယ်။

ပုံစာ – မေ ၁၀ ရက် ရွာတော်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။
ပုံစာ – မေ ၁၀ ရက် ရွာတော်ကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။

ဒါ့အပြင် မေ ၁၂ ရက်မှာတော့ ဝက်လက်နယ်အရှေ့ခြမ်း သစ်ဆိမ့်ရွာကို ဗုံး ၁ လုံးထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရကာ နွား ၃ ကောင်သေဆုံးခဲ့တာပါ။

အဲ့ဒီမေ ၁၂ ရက်မှာပဲ မဲတောကုန်းကျေးရွာထဲကို လေကြောင်းကနေ ဗုံး ၁ လုံးကြဲချခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းပျက်စီးခဲ့ပေမယ့် လူထိခိုက်တာတော့မရှိဘူးလို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။