မြို့သစ်၊ မေ ၁၂၊ ၂၀၂၅။
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ တလုပ်ပင်အုပ်စု၊ တလုပ်ပင်ကျေးရွာမှာ အမျိုးသား ၅ ဦးမိုးကြိုးထိမှန်ပြီး အဲ့ဒီထဲက ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ပေးခဲ့သူတွေဆီက သိရပါတယ်။
သေဆုံးသူတွေဟာ တလုပ်ကျေးရွာနေ အသက် ၃၀ နှစ်အရွယ်အမျိုးသားတွေဖြစ်ပြီး မေ ၁၁ ရက်ညနေ ၅ နာရီလောက်မှာ မိုးကြိုးထိမှန်သေဆုံးခဲ့ကြတာပါ။
“၂ ဦးသေသွားတယ်၊ အမျိုးသား ၂ ဦးပါ၊ သူတို့ကတောထဲမှာ ထင်းခုတ်တာ ၅ ဦးလို့သိရတယ်၊ ၃ ဦးတော့ လွှင့်စင်သွားတာ၊ မြို့သစ်ပြည်သူ့ဆေးရုံမှာတင်ထားရတယ်၊ သူတို့က တောင်သူတွေပဲ တောထဲမှာ ထင်းခုတ်တာ၊” လို့ မြို့သစ်မြို့ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အဆိုပါအမျိုးသားတွေဟာ တလုပ်ရွာနဲ့ အင်းရွာကြီး ရွာအကြားမှာလဲနေတဲ့သစ်ပင်ကို ခုတ်ဖြတ်နေသူတွေဖြစ်ပြီး မိုးရွာလာလို့ ခေတ္တနားနေချိန်မှာ မိုးကြိုးထိမှန်ခဲ့ကြတာလို့ ဆိုပါတယ်။
“သူတို့က ၂ ရွာကူးတဲ့လမ်းမှာ သစ်ပင်လဲနေလို့သွားပြီးတော့ ခုတ်တာ၊ သွားခုတ်တဲ့အချိန်မှာ မိုးတွေရွာနေလို့ဆိုပြီး ကင်းထဲထိုင်ပြီး တောထန်းရည်သောက်နေတာ၊ ၅ ဦးသောက်တဲ့အချိန်မှာ ဖြစ်ဖြစ်ချင်း ၃ ဦးကတော့ ဘေးကိုလွှင့်သွားတာ၊ ပစ်တဲ့ပုံစံမျိုးတော့မဟုတ်ဖူး စက်ကွင်းမလွတ်တာ၊ ၂ ဦးကတော့တန်းပြီး သေသွားတာ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့အမျိုးသားတဦးက ပြောပါတယ်။

မိုးကြိုထိမှန်လို့ သေဆုံးသူ ၂ ဦးရဲ့အလောင်းကိုတော့ မြို့သစ်မြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး မိုးကြိုးစက်ကွင်းထိပြီး လွှင့်စင်သွားသူ ၃ ဦးက ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရတာကြောင့် ဆေးရုံတက် ကုသရတာမျိုးမရှိဘူးလို့ သိရပါတယ်။
သေဆုံးသူတွေကိုရဲ့အလောင်းတွေကိုတော့ဆေးရုံကနေ မေ ၁၂ ရက်မှာ နေအိမ်ပြန်သယ်လာပြီး ညနေပိုင်းက ကျေးရွာသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီးပြီလို့ ဆိုပါတယ်။
မြို့သစ်မြို့နယ်၊ တလုပ်ပင်ကျေးရွာဟာ အိမ်ခြေ ၁၀၀၊ လူဦးရေ ၃၀၀ ကျော်ရှိပြီး အများစုက တောင်ယာလုပ်ငန်းလုပ်ကိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဧပြီလ ၂၄ ရက်နေ့ကလည်း မကွေးမြို့နယ်၊ ဆူးကောက်စမ်းကျေးရွာမှာ လယ်လုပ်နေတဲ့ သားအဖ ၂ ဦး မိုးကြိုးပစ်ခံရပြီးသေဆုံးသွားသေတယ်လို့ သိရပါတယ်။
စာတည်း – လင်း