myaelatt athan

Sharing Information to the Local

ဒီပဲယင်း စာသင်ကျောင်းဗုံးကြဲမှု ကလေး ၂၀ ကျော်အပါအစုလိုက်အပြုံလိုက်သေဆုံး

ဒဏ်ရာရသူတွေအတွက် ဆရာဝန်မလုံလောက်ဖြစ်နေ

ဒီပဲယင်း၊ မေ ၁၂၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အစုလိုက်အပြုံလိုက်သေဆုံးပြီး လက်ရှိမှာ ကလေးအလောင်းတွေအပါ အလောင်း ၂၀ ကျော်တွေ့ရှိထားတယ်လို့ ဒီပဲယင်းဒေသခံတွေဆီက သိရပါတယ်။

မေ ၁၂ ရက် ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးချ တိုက်ခိုက်ခဲ့ရာ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ကလေးတွေ ကျောင်းတက်နေတဲ့အချိန် ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်သွားတာ၊ ကလေးတွေ ပညာရေးနဲ့မဝေးအောင်လို့ ဘေးရွာက ကလေးတွေပါစုပြီး ပညာသင်ကြားကြတာ၊ ၁၃ နှစ်ဝန်းကျင်ကနေ ၆ နှစ်၊ ၇ နှစ် ကလေးတွေပါတယ်၊” လို့ ဒီပဲယင်းဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေချိန် သေဆုံးအလောင်း ၂၀ ကျော် ထိခိုက် ဒဏ်ရာရသူ ၃၀ ကျော်ကယ်ထားနိုင်ပြီး ဘယ်သူဘယ်ဝါတွေဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။

“ဒီရွာကတော့ ဒါပထမဆုံးအကြိမ်ပါ၊ လောလောဆယ်သေဆုံးက ၂၀ ကျော်ရပြီ၊ ထိခိုက်ဒဏ်ရာရလို့ ကယ်ဆယ်တာက ၃၀ ကျော်ပြီ၊ လက်ရှိတော့ ရှာဖွေကယ်ဆယ်နေတုန်းပါ၊ ပြီးတော့မှ ကျောင်းသားစာရင်းနဲ့ ပြန်တိုက်ကြည့်ရမှာပါ၊ ၅ တန်း၊ ၄ တန်း အရွယ်တွေပါ၊”လို့ ဒီပဲယင်း ဒေသခံတဦးက ပြောပါတယ်။

ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့စာသင်ကျောင်း ၁ ထပ်ဆောင် ပြိုကျပျက်စီးသွားခဲ့ပြီး လက်ရှိအချိန်ထိလည်း ဆက်လက်ရှာဖွေရေးတွေလုပ်ဆောင်နေကာ ဒဏ်ရာရသူတွေအတွက်လည်း ဆရာဝန်အင်အားမလုံလောက်ဖြစ်နေတယ်လို့ သိရပါတယ်။

“၁၁ နာရီလောက်က ဆရာမ ၂ ဦးနဲ့ ကျောင်းသား၊ သူ ၁၀ ဦး DB ရပြီးတာ။ ကာတွေနဲ့ ဝိုင်းထုတ်ပေးနေကြတယ်တဲ့။ ထိခိုက်ဦးရေများတော့ ဆရာဝန်အင်အား မလုံလောက်တာရော မနိုင်မနင်းဖြစ်နေတာတဲ့။ ဆေးရုံပို့ဖို့ ဝိုင်းလုပ်နေကြတယ်ဗျ။” လို့ သူကပြောပါတယ်။

မေလဆန်းပိုင်းမှာ စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေကို စစ်ကောင်စီကလေကြောင်းကနေ ခပ်စိပ်စိပ်တိုက်ခိုက်တဲ့အတွက် ဒေသခံတွေထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်ညနေပိုင်းမှာ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းကျေးရွာကို ပေါင် ၅၀၀ ဗုံးသီးနဲ့ကြဲချတိုက်ခိုက်လို့ ဒေသခံ ၈ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။