myaelatt athan

Sharing Information to the Local

ကထိကဆရာမ ဒေါ်ဝင်းဝင်းအောင်ဟာ ရည်ရွယ်ချက်ရှိရှိ AA ထံ ပူးပေါင်းသွားတာလို့ စစ်ကောင်စီဆို

0
0

မြေလတ်အသံ၊ မေ ၁၂၊ ၂၀၂၅။

ပျောက်ဆုံးနေတဲ့ ရန်ကုန်တက္ကသိုလ်ကထိက ဒေါ်ဝင်းဝင်းအောင်ဟာပညာရေးဌာနမှ အကြောင်းမဲ့ပျက်ကွက်ပြီးနောက် မိမိသဘောဆန္ဒအလျောက် ရည်ရွယ် ချက်ရှိရှိ အာရက္ခတပ်တော်-AA ထံ ပူးပေါင်းသွားတာဖြစ်ကြောင်း စစ်ကောင်စီပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒေါ်ဝင်းဝင်းအောင် ဟာ ရန်ကုန်အဝေးသင်တက္ကသိုလ် သတ္တဗေဒဌာနမှဖြစ်ပြီး ငလျင်ဘေးဒဏ်ကြောင့် မန္တလေးတိုင်းမှတက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမယ့် ကျောင်းသားတွေကို သင်ကြားပေးဖို့ မိတ္ထီလာတက္ကသိုလ်ကိုရောက်ရှိနေတာဖြစ်ကာ မေ ၇ ရက်မနက်ပိုင်းမှာ ၎င်းရဲ့မိတ်ဆွေများဖြင့်တွေဆုံရန်ဆိုကာ ဖုန်းဆက်ခွင့်တိုင်ခဲ့ပြီးနောက် ပြန်လည်ရောက်ရှိမလာဘဲ အကြောင်းမဲ့ပျက်ကွက်ခဲ့ကြောင်း စစ်ကောင်စီက ဆိုပါတယ်။

တက္ကသိုလ်ရှိ CCTV မှတ်တမ်းတွေအရ ဒေါ်ဝင်းဝင်းအောင်ဟာ မေ ၇ ရက် မနက် ၆ နာရီခန့်မှာ ၎င်းနေထိုင်ရာအဆောင်ကနေ အသုံးဆောင်ပစ္စည်းတွေထည့်ထားတဲ့ အိတ် ၁ လုံးနဲ့ထွက်ခွာသွားပြီး လက်ဖက်ရည်ဆိုင် ၁ ခုမှာ မနက်စာစားပြီးနောက် ၇ နာရီခန့်မှာ အဆိုပါဆိုင်ရှေ့ရောက်ရှိလာတဲ့ ကား ၁ စီးပေါ်ကို မိမိဆန္ဒအလျောက်လိုက်ပါသွားတာလို့ ဖော်ပြပါတယ်။

ဒေါ်ဝင်းဝင်းအောင်ဟာ ၎င်းမပျောက်ဆုံးမီကာလကတည်းက အာရက္ခတပ်တော်-AA နဲ့ ဆက်သွယ်ခဲ့ပြီး မေ ၇ ရက်မှာ ဆားလင်းကြီးမြို့နယ်အခြေပြုလှုပ်ရှားတဲ့ PDF ခေါင်းဆောင်ရဲ့ ချိတ်ဆက်ကူညီမှုနဲ့ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာကို သွားရောက်ခဲ့ကာ အဲ့ဒီကတဆင့် AA ထံ ဝင်ရောက်သွားတာလို့လည်း စွပ်စွဲဖော်ပြပါတယ်။

ဒါ့အပြင် ဒေါ်ဝင်းဝင်းအောင်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာမွေးဖွားသူ ရခိုင်လူမျိုးတဦးဖြစ်ပြီး မူလတန်းမှ ဘွဲ့ရတဲ့အထိ စစ်တွေမြို့မှာ ပညာသင်ကြားခဲ့ကြောင်း၊ တက္ကသိုလ်တွေမှာ နည်းပြဆရာမအဖြစ် တာဝန်မထမ်းဆောင်မီကလည်း စစ်တွေမြို့ အထကကျောင်းတွေမှာ တန်းပြဆရာမအဖြစ် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်ဝင်းဝင်းအောင်ရဲ့ရည်ရွယ်ချက်မှာ AA တပ်ဖွဲ့အခြေပြုရာနယ်မြေတွေအတွင်း ပညာရေးဆိုင်ရာလုပ်ငန်းတွေမှာ ပူးပေါင်းကူညီနိုင်ရေး ဝင်ရောက်သွားခဲ့တာလို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။

ကထိကဆရာမ ဒေါ်ဝင်းဝင်းအောင်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင် PDF အမှတ် (၄-၁၀) တပ်ရင်းကတော့ စစ်ကောင်စီရဲ့ယန္တရားလည်ပတ်စေမယ့်လုပ်ငန်းတွေမှာ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေတာကြောင့် မိတ္ထီလာမြို့နယ်တနေရာမှာဖမ်းဆီးခဲ့ပြီး လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မေ ၈ ရက်မှာ ထုတ်ပြန်ထားပေမယ့် နောက်ဆက်တွဲအခြေအနေကိုတော့ ထပ်မံထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။