စစ်ကြောင်းကြောင့် ရွှေဇလုပ်ရပ်ကွက်က ပြည်သူ ၃,၀၀၀ ကျော် တိမ်းရှောင်နေရ

0 16
0 16

ရွှေဇလုပ်၊ မေ ၁၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အရှေ့ဘက်၊ ရွှေဇလုပ်ရပ်ကွက် (ဒေသအခေါ်) ဇလုပ်ရွာကို စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အရပ်သားပြည်သူ ၃,၀၀၀ ကျော်ဟာ ဘေးလွတ်ရာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။

မေ ၈ ရက် မနက်ပိုင်း ၁၀ နာရီလောက်က မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်ကျောင်းဝန်းထဲမှာ တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီအင်အား ၅၀ ကျော်ခန့်ပါ စစ်ကြောင်းဟာ ရွှေဇလုပ်ရပ်ကွက်အတွင်းကို ဝင်ရောက်လာတာကြောင့် ရပ်ကွက်နေအရပ်သားပြည်သူ ၃,၀၀၀ ကျော်ဟာ ဘေးလွတ်ရာတွေဆီကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရန်ကြောင့် ရွှေဇလုပ်ရပ်ကွက်က သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃,၀၀၀ ကျော်ဟာ မုံရွာမြို့ပေါ်နဲ့ ဘေးလွတ်ရာ နေရာတွေမှာ မေ ၁၁ ရက်အထိ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ရွှေဇလုပ်ရပ်ကွက်အတွင်းသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာစဉ် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ၂ ရက်ဆက်တိုက် ၂ ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“သူတို့က မြောက်ရွာအစပ်လေးမှာ တိုက်ပွဲဖြစ်နေကြတာ။ လက်နက်သံတွေကြားမှ စစ်သားတွေ စစ်ကြောင်းထိုးလာတာကို သိရတာ။ ရွာထဲမဝင်ရသေးခင် ရွာအစပ်လေးမှာ တိုက်ပွဲဖြစ်နေလို့ ထွက်ပြေးချိန်ရတာ။ ကျနော်တို့က ရွာတောင်ဘက်ကနေ ထွက်ပြေးလာခဲ့တာ။”လို့ ဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

မေ ၈ ရက်နဲ့ ၉ ရက်တွေမှာ စစ်ကောင်စီနဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး ပစ်ခတ်သံတွေကို မုံရွာမြို့ပေါ်က မြို့ခံတွေပါ ကြားနေရတယ်လို့ သိရပါတယ်။

မနေ့ ၁၀ ရက်ကစပြီး လက်နက်ကြီးသံတွေငြိမ်သွားခဲ့ပေမယ့် စစ်ကောင်စီစစ်ကြောင်းဟာ မေ ၁၁ ရက်မနက်ပိုင်းအထိ ရွှေဇလုပ်ရပ်ကွက်အတွင်းကနေ မထွက်ခွာသွားသေးတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာတွေဆီကို ဆက်လက်တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။