ကြို့ပင်ကောက်၊ မေ ၉၊ ၂၀၂၅။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့၊ သဲကုန်ရပ်ကွက်၊ ဝိပဿနာလမ်းနေ ပျူစောထီးခေါင်းဆောင် နေအိမ်အတွင်း ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ Black Dragon GBK PDF အဖွဲ့ဆီက သိရပါတယ်။
ပစ်သတ်ခံရသူက ကြို့ပင်ကောက်မြို့ ပျူစောထီးခေါင်းဆောင် အသက် ၅၀ ကျော်အရွယ် ဦးအေးချို မေ ၉ ရက်မနက် ၈ နာရီခွဲမှာ နေအိမ်ထဲထိဝင်ရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“ကျနော်တို့အဖွဲ့ဝင်တွေသွားပြီးတော့ အပြင်မှာကင်းထားပြီး နေအိမ်ထဲဝင်ပစ်ခတ်တာ။ သူကလည်း ပြန်လည်ခုခံတာမို့လို့အပြင်က လူတွေပါ ဝင်လာပြီးပစ်ခတ်ခဲ့ရတာ။ ၄ ချက်လောက်ပစ်ခဲ့ရတယ်”လို့ Black Dragon GBK PDF အဖွဲ့တာဝန်ခံ ရိုးမနဂါးကပြောပါတယ်။
သေနတ်နဲ့အိမ်ထဲထိ ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဦးအေးချိုမှာ ဦးခေါင်းနဲ့ခန္ဓာကိုယ်မှာ ကျည်ထိဒဏ်ရာ တွေနဲ့ နေရာတင်သေဆုံးခဲ့ပြီး သူ့ဆီမှာ လက်နက်ရှိတယ်လို့ သတင်းရထားလို့ရှာဖွေပေမယ့် မတွေ့တာကြောင့် သူကိုင်ဆောင်တဲ့ဖုန်းကို သိမ်းလာခဲ့တယ်လို့ဆိုပါတယ်။
သိမ်းယူလာတဲ့ ဖုန်းထဲမှာ ပျူစောထီးအချင်းချင်းနဲ့ စစ်ကောင်စီဗိုလ်မှူးထံ ဆက်သွယ်ထားတဲ့ အချက်အလက်အချို့ကိုရထားတယ်လို့ သိရပါတယ်။
မေ ၂ ရက်ကလည်း သဲကုန်ရပ်ကွက်က ပျူစောထီးအဖွဲ့ဝင် စိုးသူဆိုသူကိုလည်း မြို့လယ်ကောင် ဘူတာရုံလမ်းမှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး သူ့ထံကနေ ပစ္စတိုတလက်နဲ့ ဖုန်းတလုံးသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း