တောင်ငူ၊ မေ ၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပွတ်စုကျေးရွာအနီး ခပေါင်းချောင်းအတွင်း ရေဆင်းကူးရာကနေ ရေနစ်ပျောက်ဆုံးခဲ့တဲ့ လူငယ် ၁ ဦးရဲ့အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေဆီက သိရပါတယ်။
မေ ၇ ရက် မနက် ၅ နာရီခန့်မှာ ခပေါင်းချောင်းနဲ့စစ်တောင်းမြစ်ဆုံရာ ခပေါင်းချောင်းဝမှာ ကျွန်းကုန်းကျေးရွာနေထိုင်သူ မောင်စိုးသူရအောင်ရဲ့အလောင်းကို ပြန်လည်ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။
“အလောင်းပြန်တွေ့တဲ့နေရာနဲ့ရေနစ်တဲ့နေရာဆို တမိုင်ခွဲလောက်ဝေးမယ်။ ရေတွေကလွှတ်ထားတော့ အဲဒီရောက်မှာဘဲ။ တွေ့တာက ပိုက်သမားကတွေ့တာ။ DB ကတော့ မျက်စိတွေတောင်ထွက်နေပြီ။ မိသားစုဆီတော့ အလောင်းပြန်ရောက်ပြီ”လို့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။
မေ ၅ ရက် ညနေ ၅ နာရီခန့်မှာ ပွတ်စုကျေးရွာမှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်မင်းခန့်ဖြိုးနဲ့ ကျွန်းကုန်းကျေးရွာနေသူ မောင်စိုးသူရအောင်တို့ ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦး ရေဆင်းကူး နေရာကနေ သူတို့ ၂ ဦးက ရေနစ်ပျောက်ဆုံးခဲ့တာပါ။
ရေနစ်ပြီး ၁ နာရီခန့်အကြာမှာ ရေနစ်မှုဖြစ်ခဲ့တဲ့ဝဲအတွင်းကနေ မောင်မင်းခန့်ဖြိုးရဲ့အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ပြီး စိုးသူရအောင်ရဲ့အလောင်းကို ဒီမနက်မှတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂ ရက်ကလည်း တောင်ငူမြို့အဝင် ထီးလှိုင်ကျုံးအတွင်း ရေဆင်းကူးတဲ့ တောင်ငူမြို့မရဲစခန်းက ရဲတပ်ကြပ်တဦးရေနစ်သေဆုံးသွားတဲ့ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း