myaelatt athan

Sharing Information to the Local

ထောင်တွင်းဆေးဝါးလုံလောက်မှုမရှိလို့ ၄ လအတွင်း နိုင်ကျဉ်း ၉ ဦးသေဆုံး

မြေလတ်အသံ၊ မေ ၇၊ ၂၀၂၅။

မြန်မာနိုင်ငံတဝန်းရှိအကျဉ်းထောင်တွေမှာ ထောင်တွင်းဆေးဝါးလုံလောက်စွာမရရှိတာကြောင့် ၄ လအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးနိုင်ဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ဆီက သိရပါတယ်။

အဆိုပါအရေအတွက်မှာ ၂၀၂၅ ဇန်နဝါရီ ၁၀ ရက်ကနေ ဧပြီ ၂၆ ရက်အထိ PPNM ကပြုစုထားတဲ့ အချက်အလက်မှတ်တမ်းဖြစ်ပြီး ဒိုက်ဦးထောင်မှ ၂ ဦး၊ ကသာထောင်မှ ၁ ဦး၊ သာယာဝတီထောင်မှ ၁ ဦး၊ အိုးဘိုထောင်မှ ၄ ဦးနဲ့ မြောင်းမြထောင်မှ ၁ ဦးတို့ဖြစ်ပါတယ်။

ထောင်တွင်းကိုပေးလိုက်တဲ့ဆေးဝါးတွေကို ထောင်အာဏာပိုင်တွေက နိုင်ကျဥ်းတွေဆီမပို့ဘဲ ဖြတ်ယူထားတာတွေရှိသလို ထောင်းတွင်းမှာ ရောဂါတခုခုဖြစ်ရင် ပါရာစီတမော့၊ ဘာမီတွန်နဲ့ အက်ပရာဇော စတဲ့ ဆေး ၃မျိုးကိုသာ ပေးသောက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် – PPNM ရဲ့ ရုံးတာဝန်ခံ မလင်းကပြောပါတယ်။

“ရောဂါဖြစ်လို့ရှိရင် ဒီဆေးတွေပဲပေးနေလို့မရဘူးလေ။ ဖျားတယ်၊ကိုက်ခဲတယ်၊ ဗိုက် အောင့်တယ်ဆိုတာကအစ ဒီပါရာတွေ၊ ဘာမီတွန်တွေပဲ ပေးတာဆိုတော့ ဆေးဝါးမလုံလောက်ဘူး။ ပေးတဲ့ဆေးဝါးတွေဆိုလို့ရှိရင်လည်း ဒီတိုင်းဘူးတွေမှာထည့်ထားတာမျိုးမဟုတ်ဘဲနဲ့ အဖုံးတွေ ဘာတွေမပါပဲနဲ့ ဒီတိုင်းထားပြီးမှပေးတာ။ သူတို့ဘာသာ ဆေးဝါးဘယ်နှစ်မျိုးရှိတယ်ပဲပြောပြော တာရှည်ခံဖို့အတွက်တော့ မဖြစ်ဘူးပေါ့နော်။”လို့ သူမကဆိုပါတယ်။

သေဆုံးသူအမျိုးသားတွေဟာ ဆီးကျောက်ရောဂါ၊ နှလုံးဖောက်တာ၊ အစာအိမ်ရောင်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါ၊ အနာကြီးရောဂါ၊ လည်ချောင်းကင်ဆာ၊ ဦးနှောက်သွေးကြောပြတ်ရောဂါ၊ အတက်ရောဂါတို့နဲ့ သေဆုံးသူခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့အပြင် သေဆုံးသူ ၉ ဦးထောင်ဒဏ်ချမှတ်ခံထားရတဲ့ ပုဒ်မတွေမှာ ၅၁(ဂ)၊ ၅၂(ခ)၊ ၂၃(က)၊ ၅၀၅(က)၊ ၁၉(စ)၊ ၁၂၄(က)၊ ၅၂(က)၊ ၅၀(ည)၊ ၄၉၊ ၅၂(က၊ခ)တို့နဲ့ ထောင်ဒဏ်အသီးသီးချမှတ်ခံထားရသူတွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ မေ ၆ ရက်အထိစစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ လက်ပါး စေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ ၆,၆၁၅ ဦး ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းဖြစ်စဥ်နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉,၁၁၆ ဦးရှိပြီး အဲဒီထဲကမှ ၂၂,၁၉၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက်မှ ၁၀,၇၉၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ AAPP ကဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။