တောင်ငူ၊ မေ ၆၊ ၂၀၂၅။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပွတ်စုကျေးရွာအနီး ခပေါင်းချောင်းထဲမှာ ရေဆင်းကူးတဲ့ လူငယ် ၂ ဦး ရေနစ်ပြီးပျောက်ဆုံးနေခဲ့ကာ အဲ့ဒီထဲက ၁ ဦးရဲ့အလောင်းကို ပြန်ရပြီလို့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေဆီက သိရပါတယ်။
မေ ၅ ရက် ညနေ ၅ နာရီခန့်မှာ ပွတ်စုကျေးရွာမှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်မင်းခန့်ဖြိုးနဲ့ ကျွန်းကုန်းကျေးရွာနေသူ မောင်စိုးသူရအောင် တို့ ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦး ရေဆင်းကူးနေရာကနေ သူတို့ ၂ ဦးက ရေနစ်ပျောက်ဆုံးခဲ့တာလို့ ဆိုပါတယ်။
“ရေဆင်းကူးရင်းရေနစ်ကြတာ။ အဲနားလေးမှာက အရင်က ဝဲမရှိဘူး။ ငလျင်လှုပ်ပြီးမှ ဝဲတခုဖြစ်လာတာ။ အဲ့ ဝဲထဲကို ဝင်သွားတာ။ ဝဲနဲ့ကမ်းနဲ့လည်းနီးစပ်တယ်။ တယောက်တော့ အလောင်းပြန်တွေ့ပြီ”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးကပြောပါတယ်။
ရေနစ်ပြီး ၁ နာရီခန့်အကြာမှာတော့ ရေနစ်မှုဖြစ်ခဲ့တဲ့ ဝဲအတွင်းကနေ မောင်မင်းခန့်ဖြိုးရဲ့အလောင်းကို ပြန်လည်ရှာတွေ့ခဲ့တဲ့အတွက် မိသားစုဝင်တွေက နေအိမ်ပြန်သယ်သွားပြီး နာရေးကိစ္စပြုလုပ်နေပြီလို့ သိရပါတယ်။
စိုးသူရအောင်ရဲ့အလောင်းကိုတော့ လူမှုကူညီရေးအသင်းတွေနဲ့ဒေသခံတွေက ဆက်လက်ရှာဖွေနေသေးပေမယ့် မေ ၆ ရက် ဒီမနက်ပိုင်းထိတော့ ပြန်မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂ ရက်ကလည်း တောင်ငူမြို့အဝင် ထီးလှိုင်ကျုံးအတွင်း ရေဆင်းကူးတဲ့ တောင်ငူမြို့မရဲစခန်းက ရဲတပ်ကြပ်တဦးရေနစ်သေဆုံးသွားတဲ့ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။

စာတည်း – လင်း