myaelatt athan

Sharing Information to the Local

ထောင်ပြင်ပဆေးရုံရောက်နောက်ကျပြီး ကသာထောင်က နိုင်ကျဉ်း ၁ ဦးသေဆုံး

ကသာ၊ မေ ၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကသာမြို့အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသူ ဧပြီ ၂၆ ရက်မှာ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က မေ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ကိုဟိဏ်းမင်းသူ ဟာ အတက်ရောဂါကြောင့် အကျဉ်းထောင်အတွင်းမှာသတိမေ့မြောသွားချိန် ထောင်ပြင်ပဆေးရုံကိုသွားရောက်ကုသခဲ့ပေမယ့် သတိပြန်မရလာဘဲ အသက်ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

“အကျဉ်းထောင်မှာ သတိမေ့မြောတဲ့အခြေအနေမှာမှ ပြင်ပဆေးရုံတွေကို ပို့ဆောင်ခဲ့တယ်။ ထောင်ပြင်ပဆေးရုံမှာလည်း သတိပြန်မလည်လာဘဲနဲ့ ဆုံးသွားတာဖြစ်ပါတယ်။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က ပြောပါတယ်။

ကိုဟိဏ်းမင်းသူမှာ အတက်ရောဂါကြောင့်ဆေးရုံပို့ချိန်နဲ့ သေဆုံးသွားတဲ့အချိန်အထိ မိသားစုတွေနဲ့အဆက်အသွယ် လုံးဝမရရှိခဲ့ဘူးလို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။

အကျဉ်းထောင်တွေမှာ အရေးပေါ်ဖြစ်နေတဲ့အခြေအနေမျိုးမှာတောင် ဆရာဝန်မရှိတာ၊ အိုးဘိုအကျဉ်းထောင်လိုမျိုးကြီးမားတဲ့ထောင်တွေမှာတောင်မှ ဆရာဝန် ၃ ဦးကနေ ၅ ဦးဝန်းကျင်လောက်ပဲရှိတာ၊ ထောင်အာဏာပိုင်တွေနဲ့ ဆရာဝန်တွေစီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ ထောင်တွင်းဆေးဝါးလုံလောက်စွာမရရှိတာ၊ အဟာရလျော့နည်းတဲ့ အစားအသောက်တွေကို စားရတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေသေဆုံးမှု ပိုပြီးမှဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

“ထောင်ငယ်တွေမှာ ဆရာဝန်လုံးဝမရှိတဲ့အခြေအနေမျိုးဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားသေဆုံးမှုတွေ၊ ထောင်ဆရာဝန် ထောင်အာဏာပိုင်တွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အတွက် နိုင်ငံရေးအကျဉ်းသားသေဆုံးရတဲ့ကိစ္စတွေ များနေတာ”လို့ ကိုသိုက်ထွန်းဦး က ပြောဆိုလိုက်ပါတယ်။

ကိုဟိဏ်းမင်းသူဟာ CDM ကျောင်းဆရာတဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၅ ရက်မှာ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာခံခဲ့ရပြီး ၂၀၂၄ မတ် ၂၈ ရက်မှာ စွဲဆိုထားတဲ့ ပုဒ်မ ၅၀ (ည)၊ ၅၂ (က)၊ ၅၂ (ခ) စတဲ့ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရသူဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။