ကျောက်ကြီး၊ မေ ၃၊ ၂၀၂၅။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ စစ်တပ်စခန်း ၆ ခု တပြိုင်နက်တိုက်ခိုက်ခံရပြီး ဒုတပ်ရင်းမှူးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မေ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဧပြီ ၂၈ ရက်မှာ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါ၊ နောင်ကုန်းတံတားစတဲ့ စစ်ကောင်စီတပ်စခန်း ၆ ခုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ငယ်မျိုးစုံ ၃၀ ကျော် ၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းအမြောက်အမြား သိမ်းပိုက်ရရှိခဲ့တယ်လို့ဖော်ပြထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေ ဆုံးမှုနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ဖော်ပြမထားပါဘူး။


အထက်ပါတိုက်ပွဲတွေအနက် အင်အား ၃၀ ကျော်ရှိ ရန်မျိုးအောင်ရွာစခန်းဟာ ကျောက်ကြီးမြို့နယ်အတွင်းအဓိကကျတဲ့ ထောက်ပို့လမ်းကြောင်းနဲ့ စစ်ကူလမ်း ကြောင်းတွေ ပြုလုပ်ပေးနေတဲ့ စခန်းဖြစ်ပြီး အဆိုပါစခန်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ အထူးကွန်မန်ဒိုတပ်ရင်း P29914 ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
” (ရန်မျိုးအောင်စခန်းသိမ်းတိုက်ပွဲ) မျက်မြင်ကတော့ ၄ လောင်းပါ။ ဒဏ်ရာရရှိမှုကတော့ အတိအကျမသိရပေမဲ့ များပါတယ်။ သေတဲ့အထဲ အရာရှိ စစ်ကောင်စီအရာခံဗိုလ် ၁ ဦး ပါတယ်”လို့ ၎င်းက ပြောပါတယ်။


ရန်မျိုးအောင်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ Y12 လေယာဉ်နဲ့ ၂ ကြိမ်၊ တိုက်ခိုက်ရေးလေယာဉ်နဲ့ ၁ ကြိမ်ဗုံးကြဲခဲ့သလို တိုက်ပွဲပြီးနောက် ဧပြီ ၂၉ ရက်မှာလည်း လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ၄ ကြိမ် ထပ်မံဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
တိုက်ပွဲအတွင်း ၎င်းတို့အထူးကွန်မန်ဒိုတပ်ရင်းမှ ရဲဘော် ၂ ဦး (မစိုးရိမ်ရ) ဒါဏ်ရာရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ် P2 3501 တပ်ရင်းမှ ရဲဘော် ၁ ဦး သေဆုံးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
ရန်မျိုးအောင်စခန်းတိုက်ပွဲမှာ လက်နက်ငယ် MA 1 ၁လက်၊ MA 3 ၁ လက်၊ MA11 ၁ လက်၊ G 3 ၁ လက်၊ MA 10 ၁ လက် ၊ BA 100 ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ MA 7 ၁ လက်၊ ကျည်ဘောက်မျိုးစုံ ၄ ခု ၊ ကျည်မျိုးစုံ ၁၅၀၀ ကျော်၊ ၄၀ မမ ဗုံးသီး ၇ လုံး၊ ၆၀ မမ ဗုံးသီး ၁၄ လုံး၊ အီနာဂါ ဗုံးသီး ၂၅ လုံး၊ RPG စိန် ပြောင်းဗုံးသီး ၁၀ လုံး၊ RPG(ကျည်ပို့ယမ်းတောင့်) ၈ တောင့်၊ ငါးကြင်းမြီးစက်လက်ပြောင်း ၁ ခု၊ SPA 60A Big Jammer ၁ စုံကို သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါစစ်ကောင်စီတပ်စခန်း ၆ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ ၂၄၊ ဗျူဟာ ၂၅၊ အမှတ် ၇၈၀၃ တပ်ရင်း (အာ ဠာဝကစစ်ကြောင်း)၊ အမှတ် ၃၅၀၃ တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန်(ပကဖ)တိုက်ခိုက်ရေးတပ်ဖွဲ့ ၃၊ ဧရာဝတီအမှတ် ၃ တပ်ရင်း၊ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် (၁၈၀၅) ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ (၂၅၊၂၆) ဒရုန်းတပ်ဖွဲ့၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၈၊ တပ်ရင်း ၉ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။