ချောင်းဦး၊ မေ ၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက မုံရွာ-မန္တလေး-ချောင်းဦးလမ်းပိုင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဂိတ်တဂိတ်ကနေတဂိတ်ကိုသွားလာဖို့ အရပ်ဘက်ကားတွေကို ချောဆွဲပြီး လိုက်ပါစီးနင်းတာတွေလုပ်နေတယ်လို့ ခရီးသွားတွေနဲ့ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မေ ၁ ရက် ညနေ ၃ နာရီကျော်လောက်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ငါးယှန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းကိုသွားလာဖို့ အရပ်သားတွေလိုက်ပါလာတဲ့ အံစာတုံးကား ၂ စီးကိုတားဆီးပြီး ပြည်သူတွေနဲ့အတူချောဆွဲလိုက်ပါလာတယ်လို့ သိရပါတယ်။
“ကျမတို့ကားအလှည့်ကျ လူပြည့်သွားလို့ မလိုက်လာကြဘူး၊ အရှေ့ကား ၂ စီး ချောဆွဲခံလိုက်ရတာပေါ့၊ စစ်သား ၁ ယောက်တည်းကျန်တော့ အထဲမှာ မဆံ့တော့လို့ ကားနောက်ဖုံးလှပ်ပြီး ခြေဆင်းလိုက်သွားတာ။”လို့ ခရီးသွားပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ချောင်းဦးမြို့နယ်ထဲမှာ မြပုလဲဂိတ်၊ ငါးယှန်ဂိတ်၊ ရေပိုးစားဂိတ်၊ နတ်ရေကန်ဂိတ်နဲ့ ချောင်းဦးအထွက် ဂိတ်ဆိုကာ စစ်ကောင်စီဂိတ် ၅ ခုအပါအဝင် မုံရွာ-မန္တလေးလမ်းပိုင်းမှာ စုစုပေါင်းစစ်ကောင်စီဂိတ် ၁၁ ဂိတ်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေ အသင့်ထောင်ထားတဲ့မိုင်းတွေရှိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတိုက်ခိုက်ခံရမှာကိုစိုးရိမ်ပြီး အရပ်သားတွေကို အကာအကွယ်ယူကာ ခုလိုစီးနင်းလိုက်ပါနေတာဖြစ်တယ်လို့ မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၄ အဖွဲ့ရဲ့ တာဝန်ရှိသူ ကိုမန္တလေးက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ကလည်း ပြည်သူပါတယ်ဆိုရင် လုပ်ငန်းလုပ်ရတာ အခက်အခဲဖြစ်တယ်၊ ပြည်သူတွေကို အထိအခိုက်မရှိအောင် အတက်နိုင်ဆုံးတော့ လုပ်ဆောင်ပါတယ်၊ နောက်ဆုတ်ခဲ့ရတာ များတယ်၊ လုပ်ငန်းတွေ ပျက်ခဲ့တာလည်း အများကြီးပဲ။”လို့ ကိုမန္တလေးက ပြောပါတယ်။
ချောင်းဦးမြို့နယ်၊ ရေပိုးစားဂိတ်နဲ့ ရေဦးမြို့အထွက်စစ်ဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ပြည်သူပိုင်ကားတွေကို ချောဆွဲတက်တာကြောင့် ပြည်သူတွေအနေနဲ့ မုံရွာ- မန္တလေးလမ်းပိုင်းကို အရေးကြီးကိစ္စမှအပ မသွားလာဖို့နဲ့ သတိပြုသွားလာဖို့ ကိုမန္တလေးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၄ ရက် ညနေပိုင်းကလည်း ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ ငါးယှန်ကျေးရွာအနီး စစ်ကောင်စီတွေ ချောဆွဲလိုက်ပါလာတဲ့ ခရီးသည်တင်ကား ၁ စီးကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက် မိုင်းဆွဲရာက ပစ်ခတ်မှုဖြစ်ပြီး ၁ နှစ်ကျော်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း