myaelatt athan

Sharing Information to the Local

ခင်ပွန်းကိုပြန်သတ်တဲ့ ဇနီးဖြစ်သူအပါ ၂ ဦးကို ဖမ်းဆီးထား

မန္တလေး၊ မေ ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြား၊ သင်္ဂဇာပတ်လမ်း (အနောက်) ရှိ Happy Like လက်ဖက်ရည်ဆိုင်ပိုင်ရှင်အမျိုးသားကိုသတ်ခဲ့တဲ့ ဇနီးဖြစ်သူနဲ့ အမျိုးသား ၁ ဦးကိုဖမ်းဆီးထားတယ်လို့ မေ ၂ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Happy Like လက်ဖက်ရည်ဆိုင်ပိုင်ရှင် အသက် ၅၀ နှစ်အရွယ် ဦးအောင်နေမျိုး ကို သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ရွှေစင်ဝင်းနဲ့ အသက် ၃၃ နှစ်အရွယ် ကိုဇော်ဖြိုးအောင် တို့က သတ်ဖြတ်ခဲ့တာဖြစ်ပြီး ကိုဇော်ဖြိုးအောင် ကို မေ ၁ ရက်က ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျုံဝရွာမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်က ဦးအောင်နေမျိုးဟာ လက်ဖက်ရည်ဆိုင်အိပ်ခန်းအတွင်း ကျည်ထိမှန်ဒဏ်ရာတွေနဲ့ အသတ်ခံထားရတယ်ဆိုပြီး ဇနီးဖြစ်သူဒေါ်ရွှေစင်ဝင်းက ရဲထံကိုအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးချိန်မှာ ဦးအောင်နေမျိုးကို လက်ဖက်ရည်ဆိုင်အိပ်ခန်း အတွင်း ကုတင်ပေါ်မှာ ညာဘက်နားထင်ကနေ ဘယ်ဘက်နားထင်ထိကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်မှာထိုးသွင်းဒဏ်ရာ ၂ ချက်တို့နဲ့ သေဆုံးနေတာကိုတွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆေးမေးချိန်မှာ ဒေါ်ရွှေစင်ဝင်းရဲ့ အမူအယာပျက်နေတာကြောင့်ထပ်မံစစ်ဆေးခဲ့ရာမှာ ၎င်းရဲ့ ထွက်ဆိုချက်အရ ခင်ပွန်းဖြစ်သူမှာ ၎င်းအားအမျိုးမျိုးညှင်းပန်းနှိပ်စက်တဲ့အပြင် အတူနေညီအစ်ကိုမောင်နှမတွေကိုလည်း နေအိမ်မှအကြိမ်ကြိမ်မောင်းချတဲ့အတွက် နာကျည်းစိတ်ရှိတာကြောင့် သတ်ဖြတ်ပေးဖို့ ဒေါ်ရွှေစင်ဝင်းဟာ သူနဲ့ချစ်ကြိုက်နေတဲ့ ကိုဇော်ဖြိုးအောင်ကို နေအိမ်အခြေအနေ အသေးစိတ်ပြောဆိုအသိပေးပြီး ဧပြီ ၂၇ မှာလုပ်ကြံခဲ့ကြတာလို့ ဆိုထားပါတယ်။

ထွက်ဆိုချက်ရပြီးနောက် မေ ၁ ရက်မှာ ကိုဇော်ဖြိုးအောင်နေထိုင်တဲ့ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အုတ်စက်ရပ်၊ အကွက် ၁၃ ရှိ အခန်းကိုဝင်ရှာချိန် SIGSAUER အမျိုးအစား 9mm ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၈ တောင့်နဲ့ Scoopy ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ကိုအောင်ဖြိုးအောင်ဟာ ၎င်းရဲ့ဇာတိဖြစ်တဲ့ တံခွန်တိုင်ကျုံဝါးကျေးရွာကို ပြန်သွားကြောင်းသိရတဲ့အတွက် သက်ဆိုင်ရာနယ်မြေရဲနဲ့ချိတ်ဆက်ပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၂ ဦးကို မဟာအောင်မြေမြို့နယ် အမှတ် ၇ နယ်မြေရဲစခန်းကနေ ပ ၅၀/ ၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်မှုနဲ့အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။